ပင်းတယ ဩဂုတ် ၂၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းပါ “အသေးစား၊ အငယ်စား စီးပွားရေးလုပ်ငန်းများပေါ်ထွန်းလာစေရေး” ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်း(လူသုံးကုန်)သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး (ပင်းတယ)ရှိ လူထုအခြေပြုဗဟိုဌာန(Community Centre )ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးရာဇာငြိမ်းချမ်းက သင်တန်းဆင်းအမှာစကားပြောကြားရာတွင် “ယခုသင်တန်းကို ကျေးလက်နေပြည်သူများအား လူသုံးကုန်လုပ်ငန်းများကို တစ်ပိုင်တစ်နိုင်လုပ်ကိုင်ပြီး မိသားစုစီးပွားရေးကိုတစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်စေရန်နှင့် မိသားစုဝင်ငွေတိုးစေရန် အသေးစားစက်မှုလက်မှုလုပ်ငန်းများ ထွန်းကားလာခြင်းဖြင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုကိုအထောက်အကူဖြစ်စေရန်ရည်ရွယ်၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း” ပြောကြားသည်။
ထို့နောက် သင်တန်းမှထွက်ရှိသော ထုတ်ကုန်ပစ္စည်းများအား ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂)ဦးရာဇာငြိမ်းချမ်းနှင့် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက သင်တန်းသား/သင်တန်းသူများအားပေးအပ်ခဲ့ကြပြီး သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်လာကြသူများက သင်တန်းမှထွက်ရှိသည့် လူသုံးကုန်ပစ္စည်းများအား လိုက်လံကြည့်ရှု အားပေးခဲ့ကြသည်။
အဆိုပါသင်တန်းအား တောင်ရှည်ကျေးရွာအုပ်စု၊ လယ်ပြင်ကျေးရွာ၌ ဖွင့်လှစ်သင်ကြားပေးခဲ့ရာ သင်တန်းသား/သင်တန်းသူ (၁၅)ဦးတက်ရောက်သင်ကြားခဲ့ကြပြီး ဩဂုတ်လ ၁၆ ရက်နေ့မှ ၂၁ ရက်နေ့အထိ ကျွမ်းကျင်သောသင်တန်းနည်းပြများဖြင့် စာတွေ့ လက်တွေ့ သင်ကြားပေးခဲ့ကြောင်း သိရသည်။
ရဲထက်ဦး(ပင်းတယ)