မန္တလေး ဩဂုတ် ၂၂
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး၍ ဥပ္ပါတသန္တိကျမ်းမြတ်ရွတ်ဖတ်ပူဇော်ခြင်း ဖွင့်ပွဲမင်္ဂလာအခမ်းအနားကို အမရပူရမြို့နယ်ရှိ မဟာဓမ္မရံသီ ကုန်းတော်မြတ်၌ တည်ထားကိုးကွယ်ထားသော ဝရဒါဌာဓာတုစေတိယစွယ်တော်မြတ်စေတီတော်(မန္တလေး)၊ ဂန္ဓကုဋိတိုက်တော်တွင် ယနေ့နံနက် ၉ နာရီက ကျင်းပရာ မန္တလေးတိုင်းဒေသကြီး၊ သံဃနာယကအဖွဲ့ဝင်၊ အမရပူရမြို့နယ် ဆင်ဖြူမယ်ကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော်ဘဒ္ဒန္တအဂ္ဂဉာဏအမှူးပြုသော ဆရာတော်သံဃာတော် ၁၀ ပါး ကြွရောက်တော်မူကြပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်တာဝန်ရှိသူများ၊ တိုင်းဒေသကြီးသာသနာရေးမှူးနှင့် ဂေါပကအဖွဲ့ ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဝတ်အသင်းများ တက်ရောက်ကြည်ညိုကြသည်။
ရှေးဦးစွာ နမောတဿ ၃ ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ကာ ဆင်ဖြူမယ်ကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော်ထံက ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များက စိန်ရောင်ခြည်ဘုရားပင့်ဂါထာဖြင့် ဘုရားပင့်ဆောင်ခြင်း၊ နတ်ဗြဟ္မများ ပင့်ဆောင်ခြင်းများကို အစီအစဉ်အတိုင်း ဆောင်ရွက်တော်မူကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆရာတော်၊သံဃာတော်များ ရွတ်ပွားပူဇော်တော်မူကြသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆင်ဖြူမယ်ကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော်နှင့် ဆရာတော်သံဃာတော်များထံ နဝကမ္မဝတ္ထုငွေများကပ်လှူကြပြီးနောက် အလှည့်ကျ ဘာဏကဆရာတော်များ ကဥပ္ပါတသန္တိကျမ်းမြတ်ကို ရွတ်ဖတ်ပူဇော်ကြကြောင်းနှင့် ဥပ္ပါတသန္တိကျမ်းမြတ် ရွတ်ဖတ်ပူဇော်ခြင်းကို ဆရာတော်၊ သံဃာတော် ၁၀ ပါးက ၁၀ ရက်တိုင်တိုင် အလှည့်ကျရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်းနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် စွယ်တော်မြတ်စေတီတော်ပရ၀ဏ်တွင် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ လူအင်အား၊ စက်ယန္တရားအင်အားများဖြင့် သန့်ရှင်းရေးဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်