ပင်းတယ ဩဂုတ် ၂၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က “မိခင်နို့ချိုတိုက်ကျွေးမှုစံပြမိခင်ပြိုင်ပွဲ” အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသမိခင်နှင့်ကလေးစောင့်ရှောက်ရေး ကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌ ဒေါ်ရတနာဝင်းမောင်က အဖွင့်အမှာစကားပြောကြားပေးပြီး၊ မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး Dr. မို့မို့ကြည်မှ မိခင်နို့ချိုတိုက်ကျွေးမှု စံပြမိခင်ပြိုင်ပွဲ အခမ်းအနားကျင်းပပြုလုပ်ပေးခြင်း၏ ရည်ရွယ်ချက်များ၊ ယခုလက်ရှိ ဖြစ်ပွားနေသည့် M.pox ရောဂါအကြောင်းနှင့်ပတ်သက်၍ ကျန်းမာရေးအသိပညာပေး ဟောပြောသည်။
ထို့နောက် ယနေ့တွင်ကျင်းပပြုလုပ်ခဲ့သည် မွေးစ(၆)လနှင့် (၆)လမှ (၁) နှစ်အတွင်း မိခင်နို့ချိုတိုက်ကျွေးမှု စံပြမိခင်ပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသူများအား တာဝန်ရှိသူများက ဆုများကို အသီးသီးဆုချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါမိခင်နို့ချိုတိုက်ကျွေးမှုစံပြမိခင်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်မိခင်စုစုပေါင်း (၃၀) ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရပြီး၊ ပြိုင်ပွဲဝင်မိခင်များကို အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များတွင် ပါဝင်သည့် (၁) မိခင်နို့တိုက်ကျွေးမှု၊ (၂) နို့တိုက်မိခင်အစာစားသုံးမှု၊ (၃) နို့တိုက်မိခင်ကျန်းမာရေးစောင့်ရှောက်မှု၊ (၄) တစ်ကိုယ်ရေ သန့်ရှင်းမှုနှင့် (၅) ကလေးအစာကျွေးမှု အချက် (၅) ချက်ဖြင့် ကိုက်ညီမှုရှိသည့် မိခင်များကို အမှတ်ပေးဈည်းမျဉ်းအတိုင်းစိစစ်အကဲဖြတ်၍ ဆုများကိုချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရကာ၊ အခမ်းအနားအပြီးတွင် တက်ရောက်လာကြသူများမှ ကျန်းမာရေးအသိပညာပေး နံရံကပ်စာစောင်နှင့် အာဟာရဖွံ့ဖြိုးစေသည့် အစာအုပ်စုဖြစ်သည့် အခြေခံအစားအစာများ ခင်းကျင်းပြသထားမှုတို့ကို လိုက်လံကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)