ပုသိမ်ကြီးမြို့နယ်၊ နန်းဦးလွင်ကျေးရွာရှိ လယ်မြေများအတွင်း ခွင့်ပြုချက်မရှိ အခြားနည်းဖြင့် ကျူးလွန်အသုံးပြုထားသည့် နေအိမ်အဆောက်အဦများနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မန္တလေး ဩဂုတ် ၂၂

အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ နန်းဦးလွင်ကျေးရွာရှိ လယ်မြေများအတွင်း ခွင့်ပြုချက်မရှိ အခြားနည်းဖြင့် ကျူးလွန်အသုံးပြုထားသည့် နေအိမ် အဆောက်အဦများနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ ညနေပိုင်းက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေး၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် နန်းဦးလွင်ကျေးရွာရှိ လယ်မြေများအတွင်း ခွင့်ပြုချက်မရှိ အခြားနည်းဖြင့် ကျူးလွန်အသုံးပြုထားသည့် နေအိမ်အဆောက်အဦများနှင့်ပတ်သက်၍ စိစစ်ဆောင်ရွက်ရန်၊ ယခင်အစည်းအဝေးမှ ဆွေးနွေးအကြံပြုချက်များ၊ သုံးသပ် ဆွေးနွေးချက်များ၊ မြေပြင်ကွင်းဆင်းတွေ့ရှိချက်များနှင့် ပေါင်းစပ်၍ နိုင်ငံတော်၏ မူဝါဒများနှင့်အညီ လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော်‌ ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းများကို အချိန်နှင့်တပြေးညီပြီးစီးရေး၊ စနစ်တကျ ဖြစ်စေရေး သက်ဆိုင်ရာ ဌာနအချင်းချင်း ချိတ်ဆက်ကာ အလေးထား ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

၎င်းနောက် ပုသိမ်ကြီးမြို့နယ်၊ နန်းဦးလွင်ကျေးရွာရှိ လယ်မြေများပေါ်တွင် ခွင့်ပြုချက်မရှိ ကျူးလွန်အသုံးပြုထားသည့် နေအိမ်များနှင့် ပတ်သက်၍ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးနေလင်းစိုး၊စီးပွားရေးရာဝန်ကြီးဦးသိန်းဋ္ဌေးနှင့် အစိုးရအဖွဲ့အတွင်းရေးမှူး ဦးဝေဇင်ထွန်းတို့က ဆောင်ရွက်မည့်လုပ်ငန်း အစီအမံများနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြပြီး ကော်မတီအဖွဲ့ဝင်ဖြစ်သည့်အောင် မြေသာစံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆွေနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များနှင့် ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရသည်။