ပျော်ဘွယ်မြို့တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် ခေတ်မီစံပြကျေးရွာစီမံကိန်းဆောင်ရွက်နေသည့် ကျေးရွာပြည်သူများ တွေ့ဆုံပွဲကျင်းပ

ပျော်ဘွယ် ဩဂုတ် ၂၂

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ဦးဆောင်သည့်အဖွဲ့သည် ပျော်ဘွယ်မြို့နယ်အတွင်း ခေတ်မီစံပြကျေးရွာစီမံကိန်း(Smart Village)ဆောင်ရွက်နေသည့် မင်းလှသာစည်ကျေးရွာသို့ ယနေ့နံနက်(၈)နာရီခွဲက ရောက်ရှိပြီး ကျေးရွာပြည်သူများနှင့် တွေ့ဆုံခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျေးရွာပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရမည်းသင်းခရိုင်ဦးစီးမှူး ဦးပြည့်စုံဦးက မင်းလှသာစည်ကျေးရွာ၌ ခေတ်မီစံပြကျေးရွာစီမံကိန်း(Smart Village)ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ကျေးရွာ၏အဓိကစီးပွားရေးလုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့်စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍစသည့် ကဏ္ဍအသီးသီးဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများ၊ မိမိဝန်ကြီးဌာနသည်လည်း ပြည်သူများဝင်ငွေတိုးပွားရေးအတွက် ဦးစားပေးဆောင်ရွက်နေမှုအခြေအနေများ၊ စံပြကျေးရွာစီမံကိန်းဆောင်ရွက်ရာတွင် ကျေးရွာပြည်သူများ စည်းလုံးညီညွတ်စွာဖြင့် ဆောင်ရွက်မှသာ ထင်သာမြင်သာသည့် တိုးတက်မှုများကို တွေ့မြင်ရမည်ဖြစ်ပါကြောင်းတို့ကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက ဖြေရှင်းဆောင်ရွက်ပေးနိုင်မည့်အခြေအနေများကို ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။

ထို့နောက်ပြည်ထောင်စုဝန်ကြီးက ခေတ်မီစံပြကျေးရွာထူထောင်ရေး စီမံကိန်းရန်ပုံငွေကျပ်သိန်း(၄၀၀)၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေကျပ်သိန်း(၃၀၀)၊ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်းရန်ပုံငွေကျပ်(၃၀၀)၊ ဝင်ငွေတိုးပွားရေးစီမံကိန်း ရန်ပုံငွေကျပ်သိန်း(၁၂၀)တို့ကို ပေးအပ်လှူဒါန်းရာ သက်ဆိုင်ရာကော်မတီဝင်များက လက်ခံရယူခဲ့ကြသည်။

၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ခေတ်မီစံပြကျေးရွာစီမံကိန်းလုပ်ငန်းတစ်ခုဖြစ်သည့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းကျင်းပြီးစီးမှုအခြေအနေကို ကြည့်ရှုပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် ဝန်ကြီးဌာနအောက်ရှိ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ မိမိဌာနလုပ်ငန်းများ အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် အားပေးလမ်းညွှန်ခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)