ကျောက်ဆည် ဩဂုတ် ၂၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဆည်၊ မြောင်း၊ ချောင်း၊ ကန်များပေါများပြီး တောင်သူများအနေဖြင့် ဆန်စပါးကို အဓိကထားစိုက်ပျိုးသော်လည်း ပြည်သူအချို့အနေဖြင့် ယာမြေ၊ ကိုင်းကျွန်းမြေနှင့်ခြံဝိုင်းမြေလွတ်နေရာများတွင် နေ့စဉ်အပိုဝင်ငွေရရှိရေး ကာလတို/ကာလရှည် သီးပင်၊ စားပင်များ စိုက်ပျိုးကြရာ ခရမ်းသီး(၁)ပိဿာ ငွေတစ်ထောင့်ငါးရာကျပ်ရောင်းချသဖြင့် တစ်နိုင်တစ်ပိုင်စိုက်ပျိုးရောင်းချသူများ နေ့စဉ်ဝင်ငွေရရှိပြီး မိသားစုများစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ခရမ်းသီးနှံသည် စိုက်ပျိုးရလွယ်ကူပြီး မြေဘောင်များပြုလုပ်ကာ ရေသွင်းရေလောင်းလုပ်ပေးနိုင်ပါက ဖြစ်ထွန်းကြောင်း၊ ကောင်းသည့်မြေ(မြေကောင်း)တွင် စိုက်ပျိုးပါက အပင်ဖြာထွက်နှုန်း ကောင်းမွန်သောကြောင့် တစ်ပင်နှင့်တစ်ပင်(၅)ပေအကွာစိုက်ပျိုးပြီး အပင်ငယ်ချိန်တွင် မြေဆွခြင်း၊ ပေါင်းမြတ်ရှင်းလင်းပေးခြင်းများ ပြုလုပ်ပေးပြီး အပင်သက်တမ်းရက်ပေါင်း(၃၀)တွင် အပင်အဟာရဖြစ်အောင် အပင်အခြေများတွင် အာမိုမြေဩဇာနှင့်ပုလဲမြေဩဇာရောစပ်၍ ဖြူးပေးရကြောင်း၊ လိုအပ်သည့်အချိန်တွင် အပင်အားတိုးဆေးနှင့် ပိုးနှင်/ပိုးသတ်ဆေးများ ဖျန်းပေးရကြောင်း၊ ခူးဆွတ်ရောင်းသည့်အခါ ဈေးကွက်အနေအထားနှင့် အသီးအထွက်နှုန်းအပေါ်မူတည်၍ နေ့စဉ်ခူးဆွတ်ရောင်းချခြင်း၊ ရက်ခြားခူးဆွတ်ရောင်းချခြင်း အမျိုးမျိုးပြုလုပ်နိုင်ကြောင်း၊ ခရမ်းသီးနှံသည် ကာလရှည်ခူးဆွတ်ရောင်းချရသဖြင့် ဈေးအမျိုးအမျိုးရှိသော်လည်း ယခုအခါ(၁)ပိဿာလျှင် ငွေတစ်ထောင့်ငါးရာကျပ်ဖြင့် ခူးဆွတ်ရောင်းချရသဖြင့် ခရမ်းသီးစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ခရမ်းသီးနှံစိုက်ပျိုးရာတွင် အပင်အသေအပျောက်မရှိရေး မျိုးစေ့များကို ပျိုးအိတ်များတွင် ဦးစွာပျိုးထောင်ပြီး သန်မာသည့်ပျိုးပင်များရွေးပြီးစိုက်ပျိုးရကြောင်း၊ ခရမ်းသီးနှံသည် မျိုးကွဲများစွာရှိပြီး စိုက်ပျိုးသူများအနေဖြင့် ရာသီအလိုက် ဈေးကောင်းရမည့် ခရမ်းမျိုးများ ရွေးချယ်စိုက်ပျိုးကြကြောင်းနှင့် ချဉ်ပေါင်၊ နံနံသီးနှံများနှင့်လည်း သီးထပ်အဖြစ် တွဲဖက်စိုက်ပျိုးနိုင်ကြောင်း ခရမ်းအပင်(၅၀၀)စိုက်ပျိုးထားသည့် ဦးဇော်ဝင်းက ပြောပြ၍ သိရသည်။
သက်မောင်(ကျောက်ဆည်)