ရန်ကုန် သြဂုတ် ၂၂
မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီတို့ပူးပေါင်းကျင်းပသော ကြက်ခြေနီအသိပညာပြန့်ပွားရေး အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကိုယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Summit Parkview ဟိုတယ်တွင်ကျင်းပရာ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့် တက်ရောက်အမှာစကားပြောကြားခဲ့သည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌဒေါက်တာဇော်ဌေးနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီမှ Senior Cooperation Officer ဦးလတ်မြင့်ထွန်းတို့ကနှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။
အခမ်းအနားသို့ အသင်းဥက္ကဋ္ဌနှင့်အတူ အချိန်ပိုင်းအလုပ်အမှုဆောင်များဖြစ်ကြသော ပါမောက္ခဒေါက်တာဒေါ်မာလာဝင်းနှင့် ဦးကျော်မိုးကြည်၊ ရန်ကုန်တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်ကော်မတီဝင်များ၊ လူမှုဂရုဏာလုပ်ငန်းဆိုင်ရာပြန်ကြားဆက်သွယ်ရေးဌာန ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီမှ တာဝန်ရှိသူများနှင့်အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်မည့်သူများ တက်ရောက်ခဲ့သည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို သြဂုတ်လ(၂၁)ရက်နေ့မှ သြဂုတ်လ(၂၃)ရက်နေ့အထိ ပြုလုပ်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးမှ တိုင်း/ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီဝင်များနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲအမှုဆောင်များ စုစုပေါင်း(၅၄)ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)