ရွှေပြည်သာမြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါပိုးတွေ့သည့် အိမ်နှင့်ပတ်ဝန်းကျင်များ အားကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရွှေပြည်သာ ဩဂုတ် ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါပိုးတွေ့သည့် အိမ်နှင့်ပတ်ဝန်းကျင်အိမ်များ လမ်းများအား ကာကွယ်ရေးလုပ်ငန်းများကို ယမန်နေ့မွန်းလွဲပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရာတွင် ဝမ်းပျက်ဝမ်းလျှောရောဂါပိုးတွေ့ရှိသည့် ရွှေပြည်သာမြို့နယ် အမှတ်(၂၄)ရပ်ကွက်အင်းပေါက်စုအပိုင်းရှိ ဝမ်းပျက်ဝမ်းလျှောပိုးတွေ့ရှိသည့် အိမ်နှင့်ပတ်ဝန်းကျင်အား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြတ်မြတ်နှင်းဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက သောက်သုံးရေအတွင်းသို့ ဆေးခတ်ပေးခြင်းဖြစ်ပွားသည့် အိမ်သားများ၊ လမ်းသူလမ်းသားများအား ဆေးတိုက်ကျွေးခြင်း၊ အသိပညာပေးပိုစတာများကပ်၍ အသိပညာပေးခြင်းနှင့် အင်းပေါက်စုဓမ္မာရုံ၌ ရပ်ကွက်နေပြည်သူများအား အသိပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ခဲ့သည်။

 ရွှေပြည်သာမြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ရပ်ကွက်/ကျေးရွာများတွင် အဖွဲ့များခွဲကာ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နေမျိုးထွန်း (ပြန်/ဆက်)