ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအရေး(သီချင်းရေးနည်း) သင်တန်းတက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူများအား ကြည့်ရှုအားပေး

ရန်ကုန် ဩဂုတ် ၂၂

အခြေခံပညာအဆင့် ကျောင်းသား၊ ကျောင်းသူလူငယ်၊ လူရွယ်များ၏ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး၊ မြန်မာ့ယဉ်ကျေးမှုအစဉ်အလာကို ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရန်အတွက် ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူးရုံး ၂ဝ၂၄ ခုနှစ်၊ (၂၅) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု (အခြေခံပညာအဆင့်)အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအရေး(သီချင်းရေးနည်း)သင်တန်းကို ဩဂုတ်လ(၁၈)နေတွင် စမ်းချောင်းမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

အဆိုပါသင်ကြားနေမှုများကို ယမန်နေ့နနံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တိုင်းဒေသကြီး လူမှုရေးဝန်ကြီးဦးဌေးအောင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

အဆိုပါသင်တန်းကို ရန်ကုန်တိုင်းဒေသကြီး အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ၏ လမ်းညွှန်မှုဖြင့် ၂၀၂၄ ခုနှစ်၊ (၂၅) ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပရေးကော်မတီက ချမှတ်ထားသော ရည်ရွယ်ချက်များနှင့်အညီ ရန်ကုန်တိုင်းအခြေခံပညာအဆင့်ကျောင်းသား၊ ကျောင်းသူများအတွက် ဖွင့်လှစ်သင်ကြားပေးနေခြင်းဖြစ်၍ သင်တန်းတွင် ကျောင်းသား၊ ကျောင်းသူ(၅၀)ဦး တက်ရောက်ကြပြီး၊ ဝါရင့်ပညာကြီး(၄)ဦးက သင်ကြားပို့ချပေးနေကြောင်း သိရသည်။

ယင်းအပြင် ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံး ၂ဝ၂၄ ခုနှစ်၊ (၂၅) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲအတွက် မြန်မာ့အကအခြေခံကဗျာလွတ်သင်တန်းကိုလည်း အလုံမြို့နယ် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူ(၂၀၀)ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

အောင်မြင့် (ပြန်/ဆက်)