မိုးနဲ သြဂုတ် ၂၂
နိုင်ငံ့အကျိုးသယ်ပိုးနိုင်သည့် လူတော်လူကောင်းများ၊ ဘက်စုံထူးချွန်သော လိမ္မာရေးခြားရှိသော၊ အတွေးအခေါ်အကြံအဆကောင်းသော၊ ထက်မြက်သော၊ ပူးပေါင်းဆောင်ရွက်တတ်သော၊ ဗဟုသုတနှင့်ပြည့်စုံသော ကျောင်းသား၊ ကျောင်းသူများ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဝိဇ္ဇာရိယဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိ ဆရာမများ ပူးပေါင်းကာ ၃ ထပ်ဆောင်နေရာ၌ စာဖတ်ရှိန်မြှင့်တင်ရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဦးစီးအရာရှိ ဦးမျိုးညွန့်ရွှေက ကျောင်းသား၊ ကျောင်းသူလေးများ၊ ရဟန်းသံဃာတော် စာသင်သားများ လမ်းမှားမရောက်စေရန် မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ၊ သုံးစွဲခြင်း၊ လက်ဝယ်တွေ့ရှိခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းများတွေ့ရှိပါက ပြစ်မှုပြစ်ဒဏ်များကျသင့်နိုင်သဖြင့် မိဘများနှင့် အိမ်နီးချင်းများကိုပါ သိရှိနိုင်စေရန် ပြောပြသင့်ကြောင်းနှင့် လူကုန်ကူးမှုမခံရစေရန် လိုက်နာသင့်သည့်အချက်များ၊ မိမိစိတ်ထဲတွင် လူကုန်ကူးခံရသည်ဟု ခံစားရပါက ဆောင်ရွက်သင့်သည့်အချက်များကို ပြောကြားပေးခဲ့သည်။ ထို့နောက် ဒုတိယဦးစီးမှူး ဒေါ်နန်းမွန်းဆိုင်က စာဖတ်ရှိန်မြှင့်တင်ရေး၊ စာကြည့်တိုက်လုပ်ငန်းများ ပိုမိုတွင်ကျယ်လာစေရန် ယခုကဲ့သို့ ကွင်းဆင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ စာအုပ်တစ်အုပ်တွင်ပါရှိသည့် အကျိုးကျေးဇူးများနှင့် စာကြည့်တိုက်တွင်လည်း အခမဲ့ငှားရမ်းပေးနေကြောင်း ပြောကြားပေးခဲ့သည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူလေးများ လက်တွေ့လေ့လာနိုင်စေရန်အတွက် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်ဓာတ်ပုံနှင့် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်ဓာတ်ပုံများကို ပြသခဲ့ရာ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ဇင်ကိုကို(ပြန်/ဆက်)