မန္တလေး ဩဂုတ် ၂၂
အနာဂတ်နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးကို တာဝန်ယူဆောင်ရွက်ကြမည့် လူငယ်များအနေနဲ့ ကျန်းမာကြံ့ခိုင်မှု၊ အရည်အချင်းပြည့်ဝမှု၊ ဉာဏ်ပညာထက်မြတ်မှု၊ လူမှုပေါင်းသင်းဆက်ဆံရေးကောင်းမွန်မှု၊ အတွေးအခေါ်မှန်ကန်ရေး၊ နှုတ်မှုစွမ်းရည် တိုးတက်စေရန်နှင့် ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်သော နိုင်ငံ့သားကောင်း လူငယ်လူရွယ်များဖြစ်ပေါ်စေရန်ရည်ရွယ်ကာ ချမ်းအေးသာစံမြိုနယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အစိုးရနည်းပညာကောလိပ်(မန္တလေး)တို့ပူးပေါင်းကာ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉နာရီခွဲက ကျင်းပခဲ့သည်။
လူငယ်စကားဝိုင်းတွင် အစိုးရနည်းပညာကောလိပ်(မန္တလေး) ကျောင်းအုပ်ဆရာကြီး ဒေါက်တာထွန်းကျော်မြင့်က အဖွင့်အမှာစကားပြောကြားပြီး မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြား ခဲ့သည်။
ဆက်လက်ပြီး ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင် ဦးဆောင်ကာ အစိုးရနည်းပညာကောလိပ်(မန္တလေး)တွင် တက်ရောက်လျက်ရှိသော ကျောင်းသား၊ ကျောင်းသူများဖြစ်သည့် မောင်ဝေဘုန်းမိုး၊ မောင်ထင်ရှားနိုင်၊ မောင်ရဲမင်းမြတ်၊ မဖြူစင်ဝင်းသန့်၊ မကြယ်စင်အောင်နှင့် မဝင့်ဝင့်ထည်တို့က လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်မျိုးချစ်စိတ်ဓာတ်၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ မိန်းခလေးများနှင့် အမျိုးသမီးငယ်များအခန်းကဏ္ဍ၊ လူငယ်နှင့်စာဖတ်ခြင်း၊ လူငယ်နှင့်အားလပ်ချိန်အသုံးချမှု စသည့်ကဏ္ဍများကို ဆွေးနွေးခဲ့ကြရာ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဆွေးနွေးမေးခွန်းများ မေးမြန်းခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းနိုင်