ကျောက်ဆည်မြို့တွင် ကျောင်းသား/ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ပုံပြောပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲ ကျင်းပ

ကျောက်ဆည် ဩဂုတ် ၂၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယမန်မနေ့မွန်းလွဲ(၂)နာရီက ကျောင်းသား/ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးနှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ ပုံပြောပြိုင်ပွဲနှင့်ကဗျာရွတ်ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ကျောင်းသား/ကျောင်းသူများအနေဖြင့် ပညာတတ်များဖြစ်ရန် ပညာကိုကြိုးစားသင်ယူကြစေလိုကြောင်း၊ ကျောင်းစာအပြင် ဗဟုသုတများရရှိမည့် စာအုပ်စာပေများကို အားလပ်သည့်အချိန်များတွင် ရှာဖွေဖတ်ရှုမှတ်သွားကြစေလိုကြောင်း၊ စာပေဖတ်ရှုခြင်းဖြင့် စာပေချစ်မြတ်နိုးသည့် စိတ်များဖြစ်ပေါ်လာကာ ယဉ်ကျေးလိမ္မာပြီး ထူးချွန်ထက်မြတ်သည့် မျိုးဆက်သစ်လူငယ်များဖြစ်လာစေရေး ပုံပြောပြိုင်ပွဲနှင့်ကဗျာရွတ်ပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများရရှိစေရေး၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြင်ပစာပေများဖတ်ရှုခြင်းဖြင့် အသိအမြင်အတွေးအခေါ်များပိုမိုရရှိစေရေး၊ စာကြည့်တိုက်နှင့် အကျွမ်းတဝင်ရှိစေရေးနှင့် အားလပ်သည့်အချိန်များတွင် စာကြည့်တိုက်သို့ လာရောက်ပြီး စာအုပ်စာပေများ အခမဲ့ဖတ်ရှုနိုင်ကြောင်း အသိပညာပေးပြောကြားခဲ့ပြီး ပြိုင်ပွဲများ ဆက်လက်ကျင်းပခဲ့ပြီး ပြိုင်ပွဲအပြီးတွင် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ၊ရသစာအုပ်စာစောင်များကို ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

စုစုအေး (ကျောက်ဆည်)