စစ်တွေ ဩဂုတ် ၂၂
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ဆောင်ရွက်သည့် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး ကွင်းပြပွဲကို ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့နယ် နာရီကန်ကျေးရွာအုပ်စု၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ စစ်တွေတပ်နယ်မှ တပ်မတော် အရာရှိကြီးများ၊ နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာများနှင့် တောင်သူလယ်သမားများ တက်ရောက်ကြသည်။
ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက နိုင်ငံတော်အနေဖြင့် တစ်ဧကအထွက်နှုန်းတိုးတက်ရေးအတွက် သီးနှံများအလိုက်ပန်းတိုင်းအထွက်နှုန်းများ သတ်မှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ မိုးစပါးသီးနှံပန်းတိုင်အထွက်နှုန်း တစ်ဧကလျှင် တင်း (၁၀၀)နှင့်အထက် ထွက်ရှိစေရေးအတွက် ဒေသရေမြေရာသီဥတုနှင့် ကိုက်ညီသည့်အထွက်ကောင်း မျိုးသန့်မျိုးစေ့များ သုံးစွဲစိုက်ပျိုးခြင်း၊ သတ်မှတ်အပင်ဦးရေ ပြည့်မီအောင်စိုက်ပျိုးခြင်း၊ ကောင်းမွန်သောစိုက်ပျိုးနည်းစနစ်များ ရွေးချယ်ကျင့်သုံးခြင်း၊ အပင်ပြုစုစောင့်ရှောက်ခြင်း၊ လုပ်ငန်းများကို လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ကြရာတွင် ရာသီအချိန်မီ ထွန်ယက်စိုက်ပျိုးနိုင်ရေးအတွက် တောင်သူလယ်သမားများအနေဖြင့် သီးနှံစိုက်ပျိုးရာတွင် စက်ကရိယာများကို သုံးစွဲစိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် လုပ်သားရှားပါးခြင်း၊ လုပ်အားခစရိတ်ကြီးမြင့်ခြင်းကို ဖြေရှင်းနိုင်စေမည်ဖြစ်ကြောင်း၊ စက်ကရိယာများသုံးစွဲခြင်းဖြင့် အချိန်မီစိုက်ပျိုးရိတ်သိမ်းနိုင်ပြီး သီးထပ်သီးနှံများ ပိုမိုစိုက်ပျိုးနိုင်ခြင်းဖြင့် တောင်သူများ ဝင်ငွေပိုမိုရရှိလာမည်ဖြစ်ကြောင်း၊ ယနေ့အခမ်းအနားတွင် မိုးစပါးကို ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း၊ ကြိုးဖြင့်အတန်းလိုက်စိုက်ပျိုးခြင်းအပြင် အပင်ပြုစုစောင့်ရှောက်ခြင်းလုပ်ငန်းများဖြစ်သည့် စိုက်ပျိုးပြီးစိုက်ခင်းများအား ယူရီးယားဓါတ်မြေဩဇာနှင့် သဘာဝမြေဆွေးများရောစပ်သုံးစွဲခြင်း၊ ပေါင်းလိုက်သမန်းနိုးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပြသပညာပေးသွားမည်ဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် စိုက်ပျိုးနည်းစနစ်များအလိုက် ဆောင်ရွက်ရမည့် နည်းလမ်းများ၊ လိုက်နာရမည့်အချက်များ၊ ရှောင်ရန်အချက်များကိုလေ့လာပြီး မိမိ၏လယ်ယာမြေနှင့် ကိုက်ညီအကျိုးရှိနိုင်မည့် လုပ်ငန်းများကိုရွေးချယ်၍ လိုက်နာကျင့်သုံးရန်လိုအပ်မည်ဖြစ်ကြောင်း၊ ကောင်းမွန်သည့် စိုက်ပျိုးနည်းစနစ်များအား လိုက်နာကျင့်သုံးခြင်းဖြင့် အထွက်နှုန်းကောင်း၍ အရည်အသွေးပြည့်မီသော ထုတ်ကုန်များရရှိလာမည်ဖြစ်ပြီး ပြည်တွင်းသာမက ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ခြင်းဖြင့် တောင်သူများ ဝင်ငွေတိုးပွားလာမည်ဖြစ်သည့်အတွက် တောင်သူများနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းနှင့် တောင်သူများအနေဖြင့် မိုးစပါးတစ်သီးတည်း စိုက်ပျိုးခြင်းကို ကျေနပ်မနေဘဲ ဝင်ငွေသေချာသည့် ဒုတိယသီးနှံတစ်မျိုးမျိုးကို စိုက်ပျိုးနိုင်ရေးအချိန်မီ ရိတ်သိမ်းခြွေလှေ့နိုင်ရေးအတွက် စက်ကရိယာများသုံးစွဲဆောင်ရွက်နိုင်စေရန် သက်ဆိုင်ရာဌာနဆိုင်ရာများ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားကြရန် ပြောကြားသည်။
ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က တောင်သူများအား မျိုးစေ့နှင့်ပျိုးပင်များကို ပေးအပ်ကာ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(စစ်တွေ)ဒေသကွပ်ကဲရေးမှူးက ကောက်စိုက်လုံမေများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပျိုးပင်နှင့် မျိုးစေ့များ ခင်းကျင်းပြသထားမှုအား လှည့်လည်ကြည့်ရှုပြီး မိုးစပါးကို ကောက်စိုက်စက်ဖြင့်စိုက်ပျိုးနေမှုနှင့် ကြိုးဖြင့်အတန်းလိုက် စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စိုက်ပျိုးဖြစ်ထွန်းနေသော မိုးစပါးစိုက်ခင်းအတွင်း ယူရီးယားဓါတ်မြေဩဇာနှင့် သဘာဝမြေဆွေးများရောစပ်ကြဲပက်နေမှုနှင့် ပေါင်းလိုက်သမန်းနိုးခြင်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
တင်ထွန်း (ပြန်/ဆက်)