မန္တလေး ဩဂုတ် ၂၂
၂၀၂၄ ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ ဖြိုရေးရက်သတ္တပတ်များ မန္တလေးတိုင်းဒေသကြီးအဆင့် အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီရုံး၊ မြို့တော်ခန်းမတွင် ကျင်းပရာ မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်ဇနီးဒေါ်မမ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးဒေါက်တာဝင်းနိုင်၊ တိုင်းဒေသကြီးပညာရေးမှူးနှင့်သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများ၊ ဆေးရုံအုပ်ကြီးများ၊ အခြေခံကျန်းမာရေးဝန်ထမ်းများ၊ တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် အာဟာရပြည့်ဝခြင်းသည် လူတစ်ဦးတစ်ယောက်၊ မိသားစုတစ်စုကစ၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့် ကဏ္ဍတွင် ပါဝင်ပါကြောင်း၊ နေ့စဉ်စားသုံးနေသော အစားအစာများ သန့်ရှင်းပြီး လိုအပ်သောအာဟာရဓာတ်များ ပြည့်ဝရန်လိုအပ်ပါကြောင်း၊ ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များ၊ မွေးစကလေးများနှင့် အသက်ငါးနှစ်အောက်ကလေးများသည် အာဟာရချို့တဲ့မှုကို ထိခိုက်ခံစားလွယ်သောအုပ်စုဖြစ်ပါကြောင်း၊ ပြည်သူလူထုအတွင်း အာဟာရဖွံ့ဖြိုးရေးဆိုင်ရာအသိပညာများတိုးတက်စေရန်၊ ပိုမိုစိတ်ဝင်စားပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ရန် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် အထိမ်းအမှတ်အခမ်းအနားများကို ကျင်းပခြင်းဖြစ်ပါကြောင်း၊ ကျန်းမာကြံ့ခိုင်သည့် အနာဂတ်လူချွန်လူကောင်းများပေါ်ထွက်လာစေရန် အခြေခံကျပြီး အရေးပါသည့် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများကို အခြေခံကျန်းမာရေးစောင့်ရှောက်မှုများနှင့်အတူ ပိုမိုခိုင်မာလာအောင် အားလုံးက ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ၂၀၂၄ ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့်အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များလှုပ်ရှားမှု ဗီဒီယိုပြသခြင်းကိုကြည့်ရှု၍ အခြေခံပညာအထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲများ၌ ဆုရရှိသည့်ကျောင်းသား၊ ကျောင်းသူများကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူတို့က ဆုများချီးမြှင့်ပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။
၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူများသည် အသက်၅နှစ်အောက်ကလေးများအား အင်အားပြည့်ဗီတာမင်အေဆေးများ တိုက်ကျွေး၍ ကိုယ်ဝန်ဆောင်မိခင်များအား အဏုအာဟာရဆေးပြားများ ပေးအပ်ပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များအထိမ်းအမှတ် ပြခန်းငယ်များကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်းနှင့် ယခုနှစ်ဆောင်ပုဒ်မှာ “မိခင်နို့ချိုတိုက်ကျွေးဖို့အားလုံးကူညီပံ့ပိုးစို့” ဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းနိုင်