ညောင်ဦး ဩဂုတ် ၂၂
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်တွင် မိုးလည်မိုး ရွာသွန်းခဲ့သည့် မိုးဖြင့်ကျေးလက်တောင်သူများ မိုးလယ်ပင်ထောင်၊ ပင်ပြန့်မြေပဲများ စတင်စိုက်ပျိုးနေကြပြီဖြစ်ကြောင်း ကျေးလက်တောင်သူများထံက သိရသည်။
ညောင်ဦးမြို့နယ်တွင် ကျေးလက်နေတောင်သူများသည် မိုးရာသီတစ်ရာသီသာ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ရသည့်ဒေသ ဖြစ်သောကြောင့် မိုးဦးမြေပဲ၊ မိုးလယ်မြေပဲနှင့် မိုးနှောင်းမြေပဲတို့အား ဦးစားပေးစိုက်ပျိုးကြကြောင်း၊ မိုးဦးမိုးရွာသွန်းမှုနည်းခြင်းကြောင့် မိုးနှမ်းရရှိမှု နည်းပါးခဲ့ကြောင်း၊ မိုးလယ်မိုးရွာသွန်းမှုကောင်းခြင်းကြောင့် ပင်ထောင်မြေပဲနှင့်ပင်ပြန့်မြေပဲများ စိုက်ပျိုးနေကြပြီဖြစ်ကြောင်း သိရသည်။ ယခင်နှစ်များ၌ ဇူလိုင်လ ၁၉ ၊ ၂၀ ရက်များတွင် စိုက်ပျိုးကြပြီး မိုးရွာသွန်းမှုကောင်းခြင်းကြောင့် ကဆုန်လဆန်းပိုင်းတွင် စိုက်ပျိုးထားသည့် မြေပဲပင်တွေအတွက်လည်း အပင်သန်ကြီးထွားလာ၍ အပွင့်ပွင့်အားကောင်းလာပြီး လာမည့်မြေပဲသိမ်းချိန်တွင်လည်း မြေပဲအထွက်နှုန်း ကောင်းမွန်မှုရှိဖို့ရန် မျှော်လင့်ကြကြောင်း သိရသည်။
ဒီပါလင်း