ကျောက်ဆည်မြို့နယ်တွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း ချေးငွေများ ထုတ်ချေး

ကျောက်ဆည် ဩဂုတ် ၂၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် စိုက်ပျိုးမွေးမြူထုတ်လုပ်သူများနှင့် အသေစားစီးပွားရေးလုပ်ငန်းများ လိုအပ်သောငွေကြေးအရင်းအနှီးများရရှိရေး၊ ရရှိသောငွေကြေးအရင်းအနှီဖြင့် မိသားစုဝင်ငွေတိုးပွားရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်စေရေး၊ တိုးပွားလာသောရန်ပုံငွေများဖြင့် ကျေးရွာပိုင်မတည်ရန်ပုံငွေထူထောင်၍ ငွေကြေးအကျိုးအမြတ်များရရှိစေရန်နှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ကျေးလက်ဒေသများတွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ပင်တလည်ကျေးရွာအုပ်စု၊ ထားဝယ်ကျေးရွာတွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းချေးငွေများ (ပဉ္စမအကြိမ်) လက်ဝယ်အရောက် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

စီမံကိန်းငွေများ ထုတ်ချေးပေးရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူးက ထားဝယ်ကျေးရွာပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းအဖြစ် မတည်ရန်ပုံငွေများ ထုတ်ချေးပေးခဲ့ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများ အကော်အထည်ဖော်ဆောင်ပေးလျက်ရှိရာ ပြည်သူများ၏စည်းလုံးညီညွှတ်မှုကြောင့် လုပ်ငန်းများ အောင်မြင်လျက်ရှိပါကြောင်း၊ ယခုအခါ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းချေးငွေများကို (ပဉ္မအကြိမ်)အဖြစ် ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် မိသားစုအကျိုးလုပ်ငန်းများတွင် သုံးစွဲသွားကြပြီး ရပ်ရွာအကျိုးဖြစ်စေမည့်လုပ်ငန်းများ ဝိုင်းဝန်းဆောင်ရွက်သွားကြရန် အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းချေးငွေများကို စိုက်ပျိုးရေးလုပ်ကိုင်သူ (၃၈)ဦးအား ငွေကျပ်(၁၂၅)သိန်းကျပ်နှင့်အရောင်းအဝယ်လုပ်ကိုင်သူ(၁၀၈)ဦးအား ငွေကျပ်(၂၄၂)သိန်းကျပ်တို့ကို ပြည်သူများ လက်ဝယ်အရောက်ထုတ်ချေးပေးခဲ့ကြောင်းနှင့် ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံဖြိုးတိုးတက်ရေး ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း ချေးငွေများအပြင် ဘဏ္ဍာနှစ်အလိုက် မြစိမ်းရောင်ကျေးရွာ စီမံကိန်းချေးငွေများထုတ်ချေးပေးခြင်း၊ ကျေးလက်ကုန်ထုတ်လမ်းများဖောက်လုပ်ပေးခြင်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)