မိုင်းယောင်း ဩဂုတ် ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ တာဝန်ရှိသူများက ယမန်နေ့တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမတွင် ခရိုင်ကုန်စျေးနှုန်းတည်ငြိမ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်ကုန်စျေးနှုန်းတည်ငြိမ်ရေးအဖွဲ့ စုစုပေါင်းအင်အား (၁၈)ဦးဖြင့် ကျင်းပပြုလုပ်ခဲ့သည်။
ထို့နောက် မြို့နယ်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြိုန့ယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် မြို့နယ်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ကြီးကြပ်မှုကော်မတီဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မျိုးအေးချိုတို့နှင့်အတူ သက်ဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ ဟောင်ကြန့်အုပ်စု၊ ရဲဘော်ဟောင်းကျေးရွာတွင် စာကြည့်တိုက်တည်ဆောက်မည့် လျာထားမြေနေရာအား ကြည့်ရှုစစ်ဆေးပြီး ကျေးရွာတာဝန်ခံ၊ ရပ်မိရပ်ဖတို့နှင့် စာကြည့်တိုက်တည်ဆောက်နိုင်ရေးကိစ္စများကို ဆွေးနွေးခဲ့သည်။
ထို့ပြင် ဒွန်းနွဲ့ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ကျေးရွာစာကြည့်တိုက် တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရန် ဟောပြောပွဲကို မြို့အုပ်ချုပ်ရေးမှူး ဦးလောထွေး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးအားချာ၊ မြို့မြေစာရင်းမှ မြေတိုင်း-၄ ဦးပိုင်ဟိန်းဆန်း၊ အ.မ.က(ဒွန်းနွဲ့)မှ မူလတန်းပြ ဦးမျိုးခိုင်ဝင်း၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ဒေသခံပြည်သူများနှင့် ပြုလုပ်ဆောင်ရွက်ပြီး စာကြည့်တိုက်ဆောက်လုပ်မည့်နေရာသို့ သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)