သထုံမြို့၊ အမှတ်(၁)အ‌ခြေခံပညာအထက်တန်းကျောင်း၌ ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်

သထုံ ဩဂုတ် ၂၂

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် တာဝန်ရှိသူများနှင့် ပညာရေးဌာနတို့ ပူးပေါင်းကာ ကျောင်းသား၊ ကျောင်းသူများအား ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က လိပ်အင်းရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြိုနယ်ဥပဒေအရာရှိ ဉီးဉာဏ်လင်စိုး၊ ခရိုင်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ စစ်ဆေးရေးမှူး(၂) ဦးဟန်ဝင်းထွဋ်အမှတ်(၇၈) ယာဉ်ထိန်း ရဲတပ်ဖွဲ့စု (သထုံ)မှ ဒုရဲအုပ် ဖြိုးသူခိုင်တို့က ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ ဥပဒေများ၊ ပြစ်မှုပြစ်ဒဏ်များနှင့် ကျောင်းသူကျောင်းသားများသိသင့်သည့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းများကိုသိရှိပြီး လိုက်နာကြစေရေး၊ ယာဉ်မတော်တဆမှုများ လျော့နည်းကျဆင်းစေရေး ဆောင်ရန်/ရှောင်ရန် အချက်များတို့ကို အကျယ်တဝင့်ရှင်းလင်းဟောပြောရာ ကျောင်းသား၊ ကျောင်းသူများက သိလိုသည်တို့ကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။

အဆိုပါဟောပြောပွဲတွင် အမှတ်(၁) အ‌ခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဉီးကျော်ညီညီလတ်နှင့် ဆရာ/ဆရာမများ၊ ‌ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို အခမဲ့ဝေငှပေးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)