မြစ်ကြီးနား သြဂုတ် ၂၁
ကချင်ပြည်နယ်အတွင်း ပြီးခဲ့သည့် ဇွန် ၃၀ ရက်နေ့နှင့် ဇူလိုင် ၁ ရက်နေ့တို့တွင် ဧရာဝတီမြစ် ဝှမ်းအထက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်တို့တွင် ရေကြီးနစ်မြှုပ် မှုများဖြစ်ပေါ်ခဲ့ရာ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေး အတွက် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိရာ သြဂုတ် ၂၁ ရက် နံနက်ပိုင်းက မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်များအတွင်းရှိ ရေဘေးသင့်ပြည်သူများအား အခြေခံစားသောက်ကုန်များ ထောက် ပံ့ပေးအပ်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်အတွင်း ရေကြီးရေလျှံမှုကြောင့် ထိခိုက်နစ်နာခဲ့ရသည့် ကျောက်မျက် ရတနာအရောင်းပြခန်းနှင့် အဆိုပါကျောက်မျက်ရုံး ဝန်ထမ်းမိသားစုများအား ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း(မြစ်ကြီးနား)ရုံး၌ သွားရောက်တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ ရေကြီးရေလျှံမှုဖြစ်စဉ်ကြောင့် မြို့ ဧရိယာတော်တော်များများတွင် နစ်နာဆုံးရှုံးမှုများစွာ ရင်ဆိုင်ခဲ့ရပါကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေ ဖြင့် ရေဘေးသင့်မိသားစုများအား တတ်နိုင်သလောက် ကူညီစောင့်ရှောက်ပေးခြင်းများကို ဆောင် ရွက်ခဲ့ကြသော်လည်း ယနေ့ ကျောက်မျက်ရုံးဝင်းအတွင်းရှိ မိသားစုများစွာ ကျန်ရှိနေသည်ကို သိရှိရသည့်အတွက် လာရောက်အားပေးထောက်ပံ့ရခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် အခက်အခဲများ၊ လိုအပ် ချက်များ ရှိပါက ပွင့်လင်းရင်းနှီးစွာ ဆွေးနွေးပေးကြစေလိုကြောင်း အားပေးပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့က ကျောက်မျက်ရုံးဝင်းအတွင်းရှိ အရောင်းပြခန်းများနှင့် ဝန်ထမ်းမိသားစု (၁၉၇) စုတို့အတွက် တစ်အိမ်ထောင်လျှင် ဆန် (၁) အိတ်နှုန်းဖြင့် စုစုပေါင်းဆန်အိတ် (၁၉၇)အိတ်၊ ဆီ (၁၉၇)ပိဿာ၊ ငါးသေတ္တာ (၁၉၇)ကတ်၊ ကြက်ဥ ၁၉၇၀ လုံးတို့ကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြရာ ဝန်ထမ်းမိသားစုများကိုယ်စား ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း(မြစ်ကြီးနား) ဥက္ကဋ္ဌ ဦးကရိုင်အောင်လက ကျေးဇူးတင်စကားပြန်လည်ပြော ကြားပြီး တက်ရောက်လာကြသည့် ဝန်ထမ်းမိသားစုများက လိုအပ်ချက်များကို တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က မိသားစုများ၏ လိုအပ်ချက်များအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့နယ် စုပေါင်းရုံးအတွင်း မနောရွှေပြည်ခန်းမ၌ ဝိုင်းမော်မြို့နယ်အတွင်းရှိ နောင်တာလောကျေးရွာနှင့် နောင်ချိန်းကျေးရွာ အုပ်စု ခမ်းဘူကျေးရွာနှင့်သဲဝိုင်ကျေးရွာများမှ ရေဘေးသင့် အိမ်ထောင်စုများအား ကချင်ပြည်နယ် အစိုးရအဖွဲ့က ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အားပေးအမှာစကားပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နောင်တာလောကျေးရွာမှ ရေဘေး သင့်အိမ်ထောင်စု (၅၅) စု၊ နောင်ချိန်းကျေးရွာအုပ်စု ခမ်းဘူကျေးရွာနှင့် သဲဝိုင်ကျေးရွာတို့မှ ရေဘေး သင့်အိမ်ထောင်စု (၁၈) စု စုစုပေါင်းအိမ်ထောင်စု (၇၃) စု၊ လူဦးရေ (၂၈၀) ဦးတို့အတွက် ပြည်နယ် အစိုးရအဖွဲ့က ထောက်ပံ့သည့် စုစုပေါင်း ငွေကျပ် ၁၅၂၀၃၄၀၀ တန်ဖိုးရှိ ဆန်အိတ်ပေါင်း(၃၇)အိတ်၊ ဆီ(၇၃)ပိဿာ၊ ကြက်ဥ(၇၃)ကတ်၊ ငါးသေတ္တာ(၇၃)ကတ်နှင့် တာပေါ်လင် (၁၈)လိပ်တို့ကို အသီးသီး ထောက်ပံ့ပေးအပ်ကြရာ ရေဘေးသင့်ပြည်သူများကိုယ်စား ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။
ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် ယမန်နေ့မွန်းလွဲပိုင်းကလည်း ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာ စခန်းများ ပိတ်သိမ်းရေးဆိုင်ရာ ပြည်နယ်အဆင့် ကော်မတီအဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ကျင်းပပြုလုပ်သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့ကော်မတီအဖွဲ့ဝင် များအနေဖြင့် ပြည်နယ်အတွင်း နေရပ်စွန့်ခွာပြည်သူများ ပြန်လည်ထူထောင်ရေးနှင့် ယာယီခိုလှုံရာ စခန်းများ ပိတ်သိမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် အချင်းချင်းဝိုင်းဝန်းပူးပေါင်းပြီး လုပ်ထုံး လုပ်နည်းနှင့်အညီ ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ထို့အပြင် နယ်မြေအခြေအနေအရ ထပ်မံ တိမ်းရှောင်လာသော ပြည်သူများကိုလည်း အတတ်နိုင်ဆုံး ကူညီထောက်ပံ့ရနိုင်ရေး လုပ်ထုံးလုပ် နည်းနှင့်အညီ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်နယ်အဆင့်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရက နေရပ်စွန့်ခွာပြည်သူများအရေးနှင့် စပ်လျဉ်း၍ လုပ်ငန်းဆောင်ရွက်မှုများအပေါ် အမျိုးသားအဆင့်ကော်မတီ၏ ညွှန်ကြားချက်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်အဆင့် ကော်မတီအတွင်းရေးမှူးက ပြည်နယ်အတွင်း နေရပ်စွန့်ခွာပြည်သူများ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်နယ်ရန်ပုံငွေဖြင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစီမံကိန်းများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် တက်ရောက်လာကြသည့် ပြည်နယ်အဆင့်ကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဘာသာရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများက နေရပ်စွန့်ခွာပြည်သူများအရေးနှင့်စပ်လျဉ်း၍ ဆောင်ရွက်ခဲ့မှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များ၊ အခက်အခဲများနှင့် လိုအပ်ချက်များကို တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထို့အပြင် ညနေပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၄ ခုနှစ် တိုင်းဒေသကြီး နှင့် ပြည်နယ်အသက် ၂၅ နှစ်အောက် အမျိုးသား/ အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ဒုတိယဆုများနှင့် အကောင်းဆုံးကစားသမားဆုရရှိခဲ့သော အောင်ပွဲရပြည်နယ်လက်ရွေးစင် အမျိုးသား/ အမျိုးသမီးအသင်းများအား မြစ်ကြီးနားလေဆိပ်၌ ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အရာထမ်း/ အမှုထမ်းများ၊ အားကစားဆပ်ကော်မတီအသီးသီး မှ တာဝန်ရှိသူများ၊ တိုင်းရင်းသားရိုးရာအကအဖွဲ့များ၊ ဘင်ခရာအဖွဲ့များနှင့်အတူ ဂုဏ်ပြုကြိုဆိုခဲ့ ကြသည်။
ယင်းနောက် လေဆိပ်ဧည့်ခန်းမဆောင်၌ ပြည်နယ်ဝန်ကြီးချုပ်က ဘောလုံးအသင်းနည်းပြ၊ အုပ်ချုပ်သူများနှင့် အားကစားသမားများအား ယနေ့ မိမိတို့ပြည်နယ်၏ အားကစားကဏ္ဍတွင် ဖူဆယ် ဘောလုံးပြိုင်ပွဲကို အမျိုးသား၊ အမျိုးသမီး နှစ်သင်းလုံးက တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် ဒုတိယဆုများကို အသီးသီးရရှိခဲ့သည့်အပြင် အကောင်းဆုံးကစားသမားဆုများကိုလည်း ဆွတ်ခူးရရှိ ခဲ့သည့်အတွက် ပြည်နယ်၏ ဂုဏ်ကိုဆောင်နိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ နောင်လာမည့် ပြိုင်ပွဲ များတွင်လည်း ဒုတိယဆုဖြင့် ကျေနပ်မနေဘဲ ပထမဆုကို ရယူနိုင်ရန် လေ့ကျင့်ကြိုးစားဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ဂုဏ်ပြုပြောကြားသည်။
ဆက်လက်၍ ဘောလုံးအသင်းနည်းပြက ပြိုင်ပွဲအတွေ့အကြုံများနှင့် ဒုတိယဆုများရရှိခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဒုတိယဆုရ အမျိုးသား/ အမျိုးသမီး ဘောလုံးအသင်းများအတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၁၄ သိန်းနှင့် အကောင်းဆုံးကစားသမားဆုရ အားကစားသမား (၂) ဦးတို့အတွက် ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီးက အောင်ပွဲရအားကစားအသင်းများ ကြိုဆိုရေးတွင် ပါဝင်ကူညီဆောင်ရွက်ခဲ့ကြသည့် ဘင်ခရာအဖွဲ့၊ တိုင်းရင်းသားအကအဖွဲ့နှင့် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြရာ အမျိုးသမီးအသင်းအုပ်ချုပ်သူက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)