ဆီဆိုင်မြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဘန်းယဉ်ကျေးရွာအုပ်စုအတွင်းရှိ Box Culvert တစ်စင်း ပြိုကျပျက်စီးမှုဖြစ်ပွား

ဆီဆိုင် ဩဂုတ် ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ယနေ့နံနက် (၇)နာရီအချိန်ခန့်တွင် ဘန်းယဉ်ကျေးရွာအုပ်စုအတွင်းရှိ Box Culvert တစ်စင်း ပြိုကျပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ သြဂုတ်လ (၁၃) ရက်နေ့မှ သြဂုတ်လ (၁၉) ရက်နေ့အထိ တစ်ပတ်ကြာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားကာ ဘန်းယဉ်ကျေးရွာအုပ်စုအတွင်းရှိ နားလွယ်-မိုက်ဆနှောင်း-ဖိုင်ကွမ်း-ဖိုင်လင်း-နမ့်ကွတ်-နောင်စမ့်လမ်း (၄/၂မိုင်-၄/၃မိုင်) ကြားတွင်ရှိသော Box Culvert တစ်စင်း ပြိုကျပျက်စီးခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပြိုကျပျက်စီးမှုဖြစ်ပွားသည့်နေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တည်ဆောက်ထားသည့် အကျယ် ၅ ပေ၊ အမြင့် ၅ ပေနှင့် အရှည် ၂၄ ပေရှိ Box Culvert တစ်စင်းဖြစ်ကြောင်းသိရပြီး လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုမရှိစေရေးအတွက် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ မော်တော်ဆိုင်ကယ်နှင့် ယာဉ်ငယ်များဖြတ်သန်းသွားလာနိုင်ရေးအတွက် ယာယီတံတား စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)