ရွှေပြည်သာ ဩဂုတ် ၂၁
ကျောင်းသားလူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဟူသော ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ်တွင်ထူးချွန်ထက်မြက်သည့် လူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ယနေ့နံနက်(၉)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားတာဝန်ခံ ဦးကျော်သက်မောင်က အားကစားစိတ်ဓာတ်အကြောင်း အသိပညာပေးဟောပြောကာ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းဌေးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကို ကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမိုးနှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းပြဆရာဦးအောင်မျိုးလင်းတို့က ဦးဆောင်ဆွေးနွေးသူများအဖြစ် ဆောင်ရွက်ပြီး အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူ(၆)ဦးက လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်မူးယစ်ဆေး၊ လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်ယဥ်ကျေးမှု၊ လူငယ်နှင့်ဆိုရှယ်မီဒီယာ၊ လူငယ်နှင့်စာပေခေါင်းစဥ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော ကျောင်းသား/သူများက သိရှိလိုသည့် မေးခွန်းများကိုလည်း ပြန်လည်ဖြေကြားဆွေးနွေးခဲ့သည်။
လူငယ်စကားဝိုင်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အမှတ်(၂)အခြေခံပညာအတန်းကျောင်း ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ ကျောင်းသား/သူ စုစုပေါင်း(၁၅၀)ဦးခန့် တက်ရောက်ခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော အသိပညာပေးနံရံကပ်စာစောင်များ၊ သုတ၊ ရသစာအုပ်စာစောင်များကို တက်ရောက်လာသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုကြကြောင်း သိရသည်။
နေမျိုးထွန်း (ပြန်/ဆက်)