တိုက်ကြီးမြို့နယ်တွင် ဒေသဆိုင်ရာဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

တိုက်ကြီး သြဂုတ် ၂၁

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်တွင် ဒေသဆိုင်ရာဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ​ကြောင်း သိရသည်။

ဦးစွာ တိုက်ကြီးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဒေါ်ခင်ခင်အိက လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရာတွင် စနစ်တကျကောက်ယူရေးနှင့် ရပ်ကွက်ကျေးရွာအုပ်စုရှိ မြေပြင်လူဦးရေစာရင်းအား စနစ်တကျပြုစုထားရှိရေးဆွေးနွေးသည်။ ထို့နောက် တိုက်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးက အကြောင်းအမျိုးမျိုးကြောင့် နေရပ်စွန့်ခွာလာသူများရှိပါက တစ်ဦးချင်းစာရင်းကောက်ယူပြုစုရေး၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် မှတ်ပုံတင်စာအုပ်ပြုလုပ်၍ စနစ်တကျမှတ်တမ်းထားရှိရေး၊ အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်မရှိသူများအား စာရင်းပြုစုထားရှိရေး၊ စားအုန်းဆီကို ဖြန့်ဖြူးရောင်းချသူများသည် ပြည်သူများထံစားအုန်းဆီရောက်ရှိရေးနှင့် ရည်ညွှန်းဈေးအတိုင်း ရောင်းချရေးတို့ကို ဆွေးနွေးသည်။

ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးသည်။ အဆိုပါ ဒေသဆိုင်ရာဖွံ့ဖြိုးရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြောင်း သိရသည်။

စန်းကလျာခိုင် (ပြန်/ဆက်)