ငါန်းဇွန်မြို့နယ်၌ အငြိမ်စားဝန်ထမ်းများအား ဩဂုတ်လအတွက် ပင်စင်လစာငွေများ စတင်ထုတ်ပေး

ငါန်းဇွန် ဩဂုတ် ၂၁

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ ဩဂုတ်လအတွက် ပင်စင်လစာငွေများကို ယနေ့နံနက် ၅ နာရီခွဲအချိန်က စတင်ကာ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

အငြိမ်းစားဝန်ထမ်းများက ပင်စင်လစာများကို မြန်မာ့စီးပွားရေးဘဏ်မှ လာရောက်ထုတ်ယူကြရာ ယနေ့မွန်းလွဲ ၁ နာရီအထိ ပင်စင်လစာထုတ်ယူသူ အငြိမ်းစားဝန်ထမ်း (၂၇၀) ဦး လာရောက်ထုတ်ယူခဲ့ကြောင်း၊ ပင်စင်လစာများကို မြို့ပြပင်စင်စား၊ ကာကွယ်ရေးပင်စင်စား၊ နိုင်ငံရေးပင်စင်စားများ လာရောက်ထုတ်ယူခဲ့ပြီး မြို့နယ်အတွင်း ပင်စင်စားဦးရေ စုစုပေါင်း(၆၆၁)ဦး ရှိကြောင်းနှင့် လစဉ် (၂၁) ရက်နေ့နှင့် (ရုံးပိတ်ရက်များမှအပ) ရုံးဖွင့်ရက်များ၌ နံနက် ၅နာရီခွဲမှ မွန်းလွဲ ၂နာရီအချိန်အထိ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဩဂုတ်လအတွင်း အငြိမ်းစားပင်စင်စားဝန်ထမ်းများအား နိုင်ငံတော်မှချီးမြှင့်သော ထောက်ပံ့ငွေ သုံးသောင်းကျပ်ကို နေ့ချင်းထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။ နာမကျန်းအငြိမ်းစားပင်စင်စားများကိုလည်း ပင်စင်လစာထုတ်ယူနိုင်စေရန်အတွက် ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ပေးလျက်ရှိပြီး ကိုယ်စားလှယ်ဖြင့် ထုတ်ယူမှုများလာပါက Video Call ဖြင့် ခေါ်ယူစစ်ဆေး၍ ကိုယ်စားလှယ်ဖြင့် ပင်စင်လစာထုတ်ပေးခြင်း၊ အိမ်တိုင်ရာရောက် သွားရောက်စစ်ဆေး၍ သက်ရှိထင်ရှားရှိကြောင်း မှန်ကန်ပါက ပင်စင်လစာထုတ်ပေးခြင်း၊ ဒစ်ဂျစ်တယ်နည်းဖြင့် Online မှ ထုတ်ပေးခြင်းများကို မြန်မာ့စီးပွားရေးဘဏ်မှ အကျိုးဆောင်ပြုလုပ်ပေးလျက်ရှိကြောင်း ငါန်းဇွန်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲ တာဝန်ရှိသူထံမှ သိရသည်။

ကိုကိုနိုင်(ပြန်/ဆက်)