တံတားဦးမြို့နယ်တွင် ရေဆင်းစပ်မျိုးနေကြာ(၁) မျိုးစေ့ထုတ် တောင်သူကွင်းသရုပ်ပြပွဲ ကျင်းပ

တံတားဦး ဩဂုတ် ၂၁

တောင်သူများ ဆီထွက်သီးနှံဖူလုံရေး ၊ စိုက်နည်းစနစ်မှန်ကန်ရေး၊ မျိုးကောင်းမျိုးရရှိရေး တို့အတွက် ရေဆင်းစပ်မျိုးနေကြာ(၁) မျိုးစေ့ထုတ် တောင်သူကွင်းသရုပ်ပြပွဲကို ယနေ့နံနက် (၈) နာရီက တံတားဦးခရိုင် တံတားဦးမြို့နယ် ပန်းယျကျေးရွာ ကွင်းအမှတ် (၁၃၄၂)ကွင်း တောင်သူ ဦးညွန့်နိုင်ဝင်း ရေဆင်းစပ်မျိုးနေကြာ(၁) မျိုးစေ့ထုတ်စိုက်ခင်း၌ ကျင်းပကြောင်း သိရသည်။

အဆိုပါ ကွင်းသရုပ်ပြပွဲတွင် တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကိုလင်းက ကွင်းသရုပ်ပြပွဲ ဆောင်ရွက်ရခြင်းနှင့် ပတ်သတ်ပြီး ရှင်းလင်းပြောကြားပြီး မန္တလေး တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးမျိုးစေ့ထုတ်တာဝန်ခံ ဒေါ်မင်းမင်းသွင်က တောင်သူများ အနေဖြင့် သီးနှံများစိုက်ပျိုးရာတွင်  အရည်အသွေး ပြည့်မီ၍ မျိုးကောင်းမျိုးသန့်များကို ရွေးချယ်အသုံးပြုရေး၊ စိုက်ပျိုးနည်းစနစ်မှန်ကန်ရေး၊ ပိုးမွှားရောဂါကင်းရှင်းရေး၊ စပ်မျိုးနေကြာမျိုးစေ့ ထုတ်လုပ်ခြင်း၏ နည်းပညာအကြောင်းတို့ကိုလည်းကောင်း၊ တံတားဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ နေကြာစိုက်ခင်းကွင်းသရုပ်ပြပွဲ၏ ရည်ရွယ်ချက်များနှင့် နေကြာသီးနှံပန်းတိုင် အထွက်နှုန်းရရှိရေးတို့ကို အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ တံတားဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့် တာဝန်ရှိသူများ  တိုင်းဒေသကြီး မျိုးစေ့ထုတ်တာဝန်ခံနှင့် မြို့နယ်အဆင့် စိုက်/ကြပ်ဝန်ထမ်းများနှင့် တောင်သူများသည် ဦးညွန့်နိုင်ဝင်း ရေဆင်းစပ်မျိုးနေကြာ(၁) မျိုးစေ့ထုတ်စိုက်ခင်းအောင်မြင်ဖြစ်ထွန်းမှု လှည့်လည် ကြည့်ရှုအားပေးကြသည်။

တံတားဦးမြို့နယ်အနေဖြင့် ရေဆင်းစပ်မျိုးနေကြာ(၁)မျိုးစေ့ထုတ်စိုက် ခင်း(၅၀)ဧက ရှိပါကြောင်း အဆိုပါစိုက်ခင်းများကို တံတားဦးမြို့နယ်ပန်းယျကျေးရွာတွင် စိုက်ပျိုးထားပါကြောင်း၊ ဒါ့အပြင် တံတားဦးမြို့နယ်အတွင်း စားသုံးဆီဖူလုံရေးအတွက် မိုးနေကြာ(၂၅၅၁) ဧကစိုက်ပျိုးထားပါကြောင်း တံတားဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကနေဒီထွန်းထံမှ သိရသည်။

ရဲတင့်(ပြန်/ဆက်)