ပင်လောင်းမြို့၌ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုအခမ်းအနား ကျင်းပ

ပင်လောင်း ဩဂုတ် ၂၁

"ကျန်းမာပျော်ရွှင် ပညာသင်ဖို့ ပတ်ဝန်းကျင်ကောင်းဖန်တီးစို့" ဆောင်ပုဒ်နှင့်အညီ ကျောင်းသားလူငယ်တစ်ရပ်လုံးတွင် ကျောင်းကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုပုံစံများ သိရှိကျင့်သုံးစွဲမြဲပြီး ကျန်းမာရေးအဆင့်အတန်းမြင့်မားတိုးတက်လာစေရေး၊ ကျန်းမာရေးနှင့်ပတ်သက်သည့် အလေ့အကျင့်ကောင်းများ ရရှိကျင့်သုံးသွားစေရေးအတွက် ရည်ရွယ်၍ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်အောင်ဝင်းက အမှာစကား‌ပြောကြားပြီး ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခင်သိန်းထွေးက ကျောင်းကျန်းမာရေးလုပ်ငန်းစဉ် (၉)ရပ်၊ ကျောင်းကျန်းမာရေးကော်မတီများ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကိုလည်းကောင်း၊ မြို့နယ်ပညာရေးမှူး ဦးတင်ငွေက ကျောင်းကျန်းမာရေးလုပ်ငန်များ အကောင်အထည်ဖော်ဆောင်ရွက်မှုများကိုလည်းကောင်း ပြောကြားခဲ့ကြသည်။

ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူတို့က မြို့နယ်အဆင့် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအထိမ်းအမှတ် ပန်းချီ၊ စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသည့်‌ ကျောင်းသား/ကျောင်းသူများကို ဂုဏ်ပြုဆုများချီးမြှင့်ပေးခဲ့ကြပြီး ကျောင်းသား/ကျောင်းသူများ ပြုလုပ်ခင်းကျင်းပြသထားသည့် အဟာရအစာအုပ်စုပြခန်းနှင့် ကျောင်းသား/ကျောင်းသူများအား အဟာရအစားအစာတိုက်ကျွေးနေမှုကို သွားရောက်ကြည့်ရှုခဲ့ကြသည်။

ယင်းနောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများအား အထွေထွေရောဂါ၊ သွားနှင့်ခံတွင်းရောဂါများကို ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)