ကျောက်ပန်းတောင်းမြို့ ထန်းတောကြီးကျေးရွာ မူလတန်းလွန်ကျောင်းတွင် ကိုယ်ကာယကြံ့ခိုင်‌ရေးနှင့် အားကစားဆိုင်ရာများ အသိပညာပေးဟောပြော

ကျောက်ပန်းတောင်း ဩဂုတ် ၂၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကိုယ်ကာယကြံ့ခိုင်သန်စွမ်းစေရန်၊ အားကစားကိုချစ်မြတ်နိုးတန်ဖိုးထား လိုက်စားတတ်စေရန် ရည်ရွယ်၍ ကိုယ်ကာယကြံ့ခိုင်ရေးနှင့် အားကစားဆိုင်ရာအသိပညာပေးဟောပြောပွဲများကို၊ အခြေခံပညာကျောင်းများတွင် လှည့်လည်ဆောင်ရွက်လျက်ရှိရာ၊ ယနေ့နံနက်(၉)နာရီက ထန်းတောကြီးကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းစိန်က ဟောပြောပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကိုကိုလတ်က ကျောင်းသား/ကျောင်းသူများ ကိုယ်ကာယကြံ့ခိုင်သန်စွမ်းရေးနှင့် အားကစားဆိုင်ရာအကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ နည်းစနစ်မှူး ဒေါ်ဝင်းမင်းသန်းက Physical Fitness Dance နှင့်ပတ်သက်၍ ကျန်းမာရေးနှင့် ကိုယ်ခန္ဓာကြံ့ခိုင်ရေးအတွက် အထောက်အကူပြုပုံတို့ကို ရှင်းလင်းဟောပြောကာ ကလေးငယ်များနှင့်အတူ ပျော်ရွှင်စွာသရုပ်ပြကစားကြသည်။ ယင်းနောက် မြို့နယ်ဦးစီးမှူးက ကျောင်းအတွက် အားကစားပစ္စည်းကို ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့ကြောင်း သိရပြီး၊ အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ (၁၁၂)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)