ကလောမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ

ကလော ဩဂုတ် ၂၁

စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကျောင်းသားလူငယ်များ စာဖတ်စွမ်းရည်များ မြင့်မားစေရေးအတွက် ရည်ရွယ်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီခွဲက မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အမှတ် (၃) အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ကလောမြို့ အမှတ် (၃) အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူတို့က စာရေးဆရာ မမမိုးရေးသားသည့် ပညာရှိဝသုန်အမတ်ကြီးနှင့် အခြားပုံပြင်များစာအုပ်မှ လောဘကြီးတဲ့ ကြွက်ကလေးပုံပြင်အမည်ဖြင့် ကျောင်းသား၊ ကျောင်းသူ (၁၀) ဦးတို့က အသီးသီးပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ပြိုင်ပွဲအပြီးတွင် ပထမဆုကို မဧပရယ်မေ၊ ဒုတိယဆုကို မချမ်းအေးစံနှင့် တတိယဆုကို မောင်သဥ္စာမိုးအောင်တို့က ဆွတ်ခူးရရှိခဲ့သည်။ထို့နောက်ဆုရရှိသည့်ကျောင်းသား၊ကျောင်းသူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။

ပြိုင်ပွဲသို့ လာရောက်ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းစာအပြင် ပြင်ပဗဟုသုတများတိုးပွားစေရေးအတွက် မူးယစ်ဆေးဝါးအန္တရာယ်၊ကလေးအလုပ်သမားပပျောက်ရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး နံရံကပ်စာစောင်များ ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုမှတ်သားခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)