ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် မိုင်းခတ်မြို့နယ် ဒေသဖွံ့ဖြိုးရေးအတွက် ဌာနဆိုင်ရာများနှင့် တွေ့ဆုံ

မိုင်းခတ် ဩဂုတ် ၂၁

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်သည် ဩဂုတ် ၂၁ ရက် နံနက် ၁၀ နာရီ ၅၀ အချိန်က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က အမှာစကားပြောကြားပြီး၊ မိုင်းခတ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်စိုးက ဒေသဆိုင်ရာအချက်အလက်များ တင်ပြရာတွင် မြို့နယ်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ ပညာရေး၊ ကျန်းမာရေးနှင့် မြို့နယ်စည်ပင်သာယာရေး ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ လျှပ်စစ်မီးအခြေအနေများ၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်နယ်ခွင့်ပြုရန်ပုံ‌ငွေဖြင့် မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် လိုအပ်ချက်များတင်ပြသည်။ ဆက်လက်၍ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများက ဒေသလိုအပ်ချက်များ တင်ပြမှုအပေါ် ရှမ်းပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များဖြည့်ဆည်းဆောင်ရွက်ပေးပြီး မိုင်းခတ်မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများအတွက် ထောက်ပံ့ပစ္စည်းများနှင့် ကျေးရွာနှစ်ရွာအတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး (VDP)စီမံကိန်းမှ တစ်ရွာလျှင် ကျပ်သိန်း(၁၅၀)အားပေးအပ်ရာ သက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံရယူခဲ့သည်။

ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ဒေသလိုအပ်ချက်များတင်ပြမှုအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးပြီးဖြစ်ကြောင်း၊ လုပ်ငန်းများ အရည်အသွေးပြည့်မီရေး၊ အချိန်မီပြီးစီးရေး သက်ဆိုင်ရာတာဝန်ရှိသူများက စနစ်တကျ ဆက်လက်ဆောင်ရွက်သွားရန်လိုကြောင်းနှင့် ပညာ‌ရေးကဏ္ဍမြှင့်တင်ရေးတွင် ပူးပေါင်းဆောင်ရွက်သွားကြရန် ပြောကြားပြီး တက်ရောက်လာသော မြို့နယ်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)