တံတားမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်ကျင်းပ

တံတား ဩဂုတ် ၂၁

ရန်ကုန်တိုင်းသေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာပေဝါသနာရှင်များနှင့် (Youth Club) အဖွဲ့ဝင်များပူးပေါင်း၍ စာရေးဆရာ နတ်သျှင်(ရွှေဂူ) ရေးသားသည့် “လူငယ်များ၏ ရွှေရောင်မနက်ဖြန်” စာအုပ်ဖြင့် ယနေ့ နံနက်(၁၀)နာရီအချိန်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်မိုးဖြူလွင်က အများပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန်၊ ကိုယ်ပိုင်စာဖတ်ချိန်မရှိသူများအတွက်၊ စာဖတ်ခွင့်မဆုံးရှုံးစေရန်၊ တစ်ဦးနှင့်တစ်ဦး စာပေဗဟုသုတအပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်များရရှိစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် ရည်ရွယ်၍ လစဉ်စာဖတ်ဝိုင်းများ ပြုလုပ်ခြင်းဖြစ်ကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် (Youth Club) အဖွဲ့ဝင် မောင်မင်းခန့်ကျော်က “လူငယ်များ၏‌ရွှေ ရောင်မနက်ဖြန်” ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးရာတွင် ယနေ့လူငယ်တို့၏ အခန်းကဏ္ဌသည်ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ဘာသာတရား၊ ယဉ်ကျေးမှု၊ စာပေဂီတအမွေအနှစ်တို့ကို လက်ဆင့်ကမ်းအမွေခံယူကြမှာဖြစ်သည့်အတွက် အလွန်အရေးပါလှ‌ကြောင်း၊ လူငယ်ဘဝတွင် ကျန်းမာ၍ဉာဏ်ရည်ထက်မြတ်နေစဉ် ဘဝအတွက် ပညာရေးကြိုးစားသင်ယူသကဲ့သို့ လောကအကြောင်း ဘဝအကြောင်းကို လေ့လာရန်လိုအပ်ကြောင်း၊ အချိန်ကိုအကျိုးရှိစွာ အသုံးပြုသင့်ကြောင်း၊ လူငယ်များသည် အနာဂတ်၏ ခေါင်းဆောင်များဖြစ်ကြောင်း၊ တိုးတက်ကောင်းမွန်သော လူငယ်တို့သည်ကြီးကျယ်မြင့်မြတ်သော အနာဂတ်ကို ဖန်တီးနိုင်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ (Youth Club)အဖွဲ့ဝင် မ‌ဖူးပွင့်ကျော်မှ “နွေရာသီကျောင်းပိတ်ရက်ကလေးများ” ခေါင်းစဉ်ဖြင့် ဆက်လက်ဆွေးနွေးရာတွင် ကျောင်းပိတ်ချိန်အားလပ်ရက်များသည် လူငယ်တွေအတွက် တန်ဖိုးရှိလှကြောင်း၊ ထိုအချိန်တွင်မျိုးဆက်သစ်လူငယ်များ၏ ကိုယ်အမူအရာ နှုတ်အမူအရာ လိမ္မာယဉ်ကျေး‌‌စေရန်၊ အသိပညာထွန်းလင်းတောက်ပလာစေရန်၊ ဘဝခရီးတွင်လမ်းမှားမလျှောက်မိစေရန်၊ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းများကို တက်ရောက်သင့်ကြောင်း၊ အားလပ်ချိန်တွင် အပျော်အပါးများဖြင့်သာ အချိန်ကုန်ရင်းမိမိတို့၏ ရွှေရောင်တောက်ပမည့် အနာဂတ်ကို တဖြေးဖြေးပျောက်ဆုံးမသွားစေလိုကြောင်း၊ မိဘ ဆရာသမားတို့၏ ဆုံးမဩဝါဒစကားများကို နာခံယူရင်း တိုးတက်အောင်မြင်ထူးချွန်ထက်မြတ်သူများ ဖြစ်လာစေရန်၊ ဗုဒ္ဓဓမ္မနှင့်ယှဥ်တွဲကာ ကျင့်ကြံနေထိုင်သင့်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ခန့်စည်သူဝင်း (ပြန်/ဆက်)