၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အမြဲတမ်းမသန်စွမ်းမှုနှင့်ဆိုင်သည့် ငွေကြေးအကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေးခြင်းအခမ်းအနား ကျင်းပ

နေပြည်တော် သြဂုတ် ၂၁

အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အမြဲတမ်းမသန်စွမ်းမှုနှင့်ဆိုင်သည့် ငွေကြေးအကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေးခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် ပြည်ထောင်စုနယ်မြေ လူမှုဖူလုံရေးရုံး၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြည်ထောင်စုနယ်မြေ တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခိုင်ခိုင်အောင်က အမှာစကားပြောကြားပြီး လူမှုဖူလုံရေးအဖွဲ့မှ ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေပါ အကျိုးခံစားခွင့်များအကြောင်းနှင့် ယခုကဲ့သို့ အမြဲတမ်းမသန်စွမ်းမှုခွင့်ပြုထုတ်ပေးရခြင်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခိုင်ခိုင်အောင်က ပျဉ်းမနားမြို့နယ် လူမှုဖူလုံရေးရုံးခွဲတွင် အကျုံးဝင်မှတ်ပုံတင်ထားသော ကိုဇော်နိုင်ဦး လူသုံးကုန်ဖြန့်ချီရေးလုပ်ငန်းမှ ဝန်ထမ်းတစ်ဦးဖြစ်သည့် အာမခံအလုပ်သမား ဦးနေဇော်ထက်သည် ၂၀၂၂ ခုနှစ် ဧပြီလ ၁၉ ရက်နေ့၊ နံနက် ၉ နာရီအချိန်ခန့်တွင် အလုပ်ရှင်၏တာဝန်ပေးချက်အရ ပျဉ်းမနားမြို့သို့ ပစ္စည်းပို့ပြီး ဆိုင်ကယ်ဖြင့်အပြန် လယ်ဝေးမြို့နယ်၊ ချိုင်းရွာဘက်မှ မောင်းနှင်လာသော ကားနှင့်တိုက်မိ၍ ဘယ်ဘက်လက်မောင်းနှင့် ဘယ်ပေါင်ကျိုး၊ အပေါ်သွား လေးချောင်းတစ်ဝက် ပဲ့သွားခြင်း၊ မျက်နှာပွန်းပဲ့သွားခြင်း၊ ဘေလုံးကွဲသွားခြင်း စသည့်ဒဏ်ရာများရရှိခဲ့သဖြင့် နေပြည်တော်(ခုတင်-၁၀၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးတွင် ဆေးကုသမှုခံယူခဲ့ခြင်းကြောင့် အမြဲတမ်းလုပ်အားဆုံးရှုံးမှု ၅၅ ရာခိုင်နှုန်းဖြစ်သော အမြဲတမ်းမသန်စွမ်းမှုငွေလုံးငွေရင်း ငွေကျပ် ၄၆၅၆၉၆၀ (ကျပ် လေးဆယ်ခြောက်သိန်းငါးသောင်းခြောက်ထောင်ကိုးရာ့ခြောက်ဆယ်တိတိ)ကို ကာယကံရှင်အား ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင်များ၊ အလုပ်ရှင် အလုပ်သမားကိုယ်စားလှယ်များနှင့် နေပြည်တော်အဆင့် မိတ်ဖက်ပေါင်းစပ်အဖွဲ့ဝင်များ ရှေ့မှောက်တွင် ထုတ်ပေးခဲ့ပြီး ဌာန၏ တာဝန်ရှိသူတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရှိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)