မိတ္ထီလာခရိုင်နှင့် ရမည်းသင်းခရိုင်အတွင်း ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်း များ သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်နှင့်အညီ ပြီးစီးရေး တာဝန်ရှိသူများနှင့် တွေ့ဆုံ

မန္တလေး သြဂုတ် ၂၁

မန္တ​လေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်နှင့် ရမည်းသင်းခရိုင်တို့တွင် ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းနှင့်အညီ ပြီးစီးနိုင်ရေး ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်းသည် တာဝန်ရှိသူများနှင့် ယမန်နေ့က မိတ္ထီလာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင် ဝန်ထမ်းများ ဦးစီးဌာန၏ စီမံကိန်းလက်စွဲ စာစောင်များအား ဖတ်ရှုလေ့လာပြီး စီမံကိန်းလုပ်ငန်းများအား လက်စွဲစာစောင်ပါ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်သွားရန်၊ ကျေးလက်ဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများ စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်သွားရန်၊ စံပြခရိုင်ဖြစ်ရေး ဝန်ထမ်းများမှ ယခင်ထက် ပိုမိုကြိုးစားဆောင်ရွက်သွားကြရန်နှင့် ဌာနလုပ်ငန်းများအပြင် ထပ်တိုး စီမံကိန်းလုပ်ငန်းများ အောင်မြင်အောင် ကြိုးစားဆောင်ရွက်သွားကြရန် ပြောကြားခဲ့သည်။ ၎င်းနောက် ညွှန်ကြားရေးမှူး ဒေါက်တာ ဇာနည်းမင်းက ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး မိတ္ထီလာခရိုင်အတွင်းရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်နှင့် ရမည်းသင်းခရိုင်းအတွင်းရှိ ရမည်းသင်း၊ ပျော်ဘွယ် မြို့နယ်များမှ ခရိုင်ဦးစီးမှူးနှင့် မြို့နယ်ဦးစီးမှူးများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ လိုအပ်သည်များကို ဖြည့်စွက် ပြောကြားခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်း၊ ညွှန်ကြားရေးမှူး ဒေါက်တာဇာနည်မင်း၊ မိတ္ထီလာခရိုင်အတွင်းရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်နှင့် ရမည်းသင်းခရိုင်းအတွင်းရှိ ရမည်းသင်း၊ ပျော်ဘွယ်မြို့နယ်များမှ ခရိုင်ဦးစီးမှူးနှင့် မြို့နယ်ဦးစီးမှူးများ၊ ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)