ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် အထိမ်းအမှတ်  “ရာပြည့်တက္ကသိုလ် မြကျွန်းညို”ပန်းချီပြိုင်ပွဲ ဆုရွေးချယ်ပွဲ ကျင်းပ

ရန်ကုန်  နိုဝင်ဘာ    ၂၀   

၂၀၂၀  ပြည့်နှစ်၊ ဒီဇင်ဘာ (၁) ရက်နေ့တွင် ကျရောက်မည့် ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀)ပြည့် အထိမ်းအမှတ် ပန်းချီပြိုင်ပွဲအား “ရာပြည့်တက္ကသိုလ် မြကျွန်းညို” ခေါင်းစဉ်ဖြင့် ပြန်ကြားရေး ဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စီစဉ်ကျင်းပခဲ့ပါသည်။

အဆိုပါ ပန်းချီပြိုင်ပွဲကို ရန်ကုန်တက္ကသိုလ်ကြီးသာယာလှပမှုများ၊ အေးချမ်းပျော်ရွှင်မှုများ၊ ကြည်နူး ဝမ်းမြောက်ဖွယ်ရာများ၊ နိုင်ငံ့ဂုဏ်ဆောင်တက္ကသိုလ်ကြီးအဖြစ် တည်ရှိခဲ့မှုများ၊ သမိုင်းအစဉ်အလာကြီးမားခဲ့ မှုများနှင့် နိုင်ငံ့ဂုဏ်ကိုမြှင့်တင်ပေးနိုင်ရေး ကြိုးစားဆောင်ရွက်နေမှုများ စသည်တို့ကို ဖော်ညွှန်းရေးဆွဲထားသည့် ပန်းချီများဖြင့် ပါဝင်ယှဉ်ပြိုင်ရန် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ (၁၉) ရက်မှ နိုဝင်ဘာလ (၁၆) ရက်နေ့အထိ ဖိတ်ခေါ်ခဲ့ရာ ပညာရှင်၊ ဝါသနာရှင် (၅၀) ဦးက ပြိုင်ပွဲဝင်ပန်းချီကားပေါင်း (၅၂) ကားကို ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။          

ပြိုင်ပွဲဝင်ပန်းချီများကို စိစစ်အကဲဖြတ်ရွေးချယ်ခြင်းအား ယနေ့ နံနက် (၁၀) နာရီ အချိန်တွင် ရန်ကုန်တက္ကသိုလ် အပန်းဖြေရိပ်သာခန်းမ (Recreation Center) ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း ပန်းချီပညာရှင်များက ပြိုင်ပွဲဝင်စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ အကဲဖြတ်စိစစ်ကြပြီး ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် အထူးဆု (၅) ဆုကို ရွေးချယ်ချီးမြှင့်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်း/ ဓာတ်ပုံ - အောင်မြင့်