ကျောက်တလုံးကြီး ဩဂုတ် ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့ ဌာနဆိုင်ရာများသည် စစ်ကြောင်း(၅)ကြောင်းဖြင့် နောင်ခဲကျေးရွာအုပ်စု၊ နောင်ခဲကျေးရွာနှင့် ပင်တွန်ကျေးရွာအုပ်စု၊ ထီပုန်းကျေးရွာများသို့ ယနေ့နံနက် ၉ နာရီအချိန်ကသွားရောက်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် စစ်ကြောင်းကြီး ၅ ကြောင်း အဖွဲ့ခေါင်းဆောင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးခွန်သူရအောင်ဦးဆောင်၍ ဌာနဆိုင်ရာများက ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာရာအိမ်မှူး၊ ဆယ်အိမ်မှူး၊ ကျေးရွာမှ ဖွဲ့စည်းထားသည့် ကော်မတီများ၊ ရပ်မိရပ်ဖများ ကျေးရွာသူ/သားများနှင့်တွေ့ဆုံ၍ ဌာနအလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ပေးလျက်ရှိသည့်အခြေအနေများ၊ ပြည်သူလူထု၏ လိုအပ်ချက်များအပေါ် ဖြည့်ဆည်းပေးလျက်ရှိသည့် ကဏ္ဍများကို ဆွေးနွေးအသိပညာပေး ဟောပြောခဲ့ကြသည်။
ထို့နောက် ကျေးရွာအတွင်း အမှန်တကယ်လိုအပ်လျက်ရှိသော ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ စိုက်ပျိုးရေး၊ စီးပွားရေး၊ နယ်မြေလုံခြုံရေးကဏ္ဍများနှင့်စပ်လျဉ်း၍ ပြည်သူများ၏ တောင်းဆိုချက်များကို သက်ဆိုင်ရာဌာနများမှ ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ဖြည့်ဆည်းပေးနိုင်ရေးအတွက် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဇော်နိုင်လင်း