တံတားဦး ဩဂုတ် ၂၁
တံတားဦးခရိုင် တံတားဦးမြို့နယ် အမျိုးသမီးရေးရာအသင်း၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး တံတားဦးမြို့ မြို့မအခြေခံပညာအလယ်တန်းကျောင်း ပညာသရဖူခန်းမ၌ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးဥက္ကဋ္ဌ ဒေါက်တာမေစံပယ်အောင်က အမှာစကားပြောကြားပြီး တံတားဦးမြို့မရဲစခန်း စခန်းမှူး ဒုရဲမှူးဟန်ထွန်းအောင်က လူကုန်ကူးမှုပပျောက်ရေးနှင့်သက်ဆိုင်သောအကြောင်းအရာများ၊ လူကုန်ကူးမှု၏ဆောင်ရန်၊ ဆောင်ရန်များနှင့် သိထားသင့်သည့် အချက်အလက်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ လူမှောင်ခို၊ လူကုန်ကူးမှုဆိုသည်မှာ ခြိမ်းခြောက်ခြင်း၊ အင်အားသုံးခြင်း၊ အဓမ္မခေါ်ဆောင်ခြင်း၊ လိမ်လည်ခြင်း၊ အာဏာအသုံးပြုခြင်း၊ ရပ်တည်ရန်ခက်ခဲသောအခြေအနေကို အလွဲသုံးစားပြုလုပ်ခြင်း စသည်တို့ပါဝင်ပါကြောင်း၊ ဒါ့အပြင် လွဲပြောင်းခြင်း၊ ခိုလှုံခွင့်ပြုခြင်း၊ လက်ခံခြင်းများကို လုပ်ဆောင်ကာ မိမိသဘောဆန္ဒမပါဘဲ အဓမ္မစေခိုင်းခြင်း၊ ကျွန်ပြုခံရခြင်း၊ လိင်ဖျော်ရေးလုပ်ငန်းများတွင် အသုံးချခံရခြင်းစသည်တို့လည်းပါဝင်ပါကြောင်း၊ ပြည်သူများအနေဖြင့် လူမှောင်ခို၊လူကုန်ကူးမှုပပျောက်ရေးတွင် မိမိတို့တတ်စွမ်းသမျှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန်လိုကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားသည် ။
အသိညာပေးဟောပြောပွဲသို့ မြို့နယ်မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ/မများ၊ ကျောင်းသား/သူများ တက်ရောက်ကြကြောင်း သိရသည် ။
ရဲတင့်(ပြန်/ဆက်)