ကျိုင်းလပ်မြို့ (Community Centre)ခန်းမ၌ ပုံပြင်ပြောပြိုင်ပွဲနှင့် သင်္ချာဉာဏ်စမ်းပြိုင်ပွဲ ကျင်းပ

ကျိုင်းလပ် ဩဂုတ်လ ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကလေးများအား စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်နှင့် ကာယဉာဏ ဖွံ့ဖြိုးတိုးတတ်စေရေးအတွက် အဆိုပါရုံးရှိ (Community Center)ခန်းမ၌ ပုံပြင်ပြောပြိုင်ပွဲနှင့် သင်္ချာဉာဏ်စမ်းပြိုင်ပွဲများကို ယမန်နေ့လယ် (၁)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။ 

အဆိုပါ ပြိုင်ပွဲများတွင် ကျိုင်းလပ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးက ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လူအများရှေ့တွင် ပြောရဲဆိုရဲသော အကျင့်ကောင်းများရရှိလာစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ အသိပညာဗဟုသုတများ ပိုမိုရရှိလာစေရန်အတွက် ပြိုင်ပွဲများ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နေ့လယ်ပိုင်းက ကျောင်းသား၊ ကျောင်းသူ (၁၂)ဦးဖြင့် ကျင်းပခဲ့ကြပြီး ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူလေးများအား ဆုများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူလေးများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိညာပေးနံရံကပ်စာစောင်နှင့် မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်တားဆီးရေး အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများကိုလည်း အချိုရည်နှင့် မုန့်များ ပေးဝေခဲ့ကြောင်း သိရသည်။

စန်းစန်းမြင့်(ပြန်/ဆက်)