ထန်းတပင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲကျင်းပ

ထန်းတပင်(ရန်ကုန်) ဩဂုတ် ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ခြင်း၏အကျိုးကျေးဇူးများ သိရှိစေရန်ရည်ရွယ်၍ အ.ထ.က(ထန်းတပင်)ကျောင်း၊ လှိုင်ရတနာခန်းမတွင် ယမန်နေ့က စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။
ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီးဦးအေးမောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနဦးစီးအရာရှိ ဦးအောင်ဇော်ထွေးက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောရာတွင် ကျောင်းသား၊ ကျောင်းသူလူငယ်များအနေဖြင့် ကျောင်းစာများအပြင်
ပြင်ပဗဟုသုတများရရှိစေရန်သုတ၊ ရသစာပေများကို ဖတ်ရှုရန်လိုအပ်ကြောင်း အသိပညာပေးဟောပြောသည်။
ဆက်လက်၍ ဒုတိယဦးစီးမှူးဒေါ်ဆုမြတ်ဝင်းက ထန်းတပင်မြို့နယ်ပြည်သူ့စာကြည့်တိုက်၏ ဝန်ဆောင်မှုပေးနေသည့်အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ပြီး ဟောပြောပွဲတွင်လည်း တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များကိုဖတ်ရှုလေ့လာခဲ့ကြသလို အသိပညာပေးနံရံကပ်စာစောင်များကိုလည်း ကြည့်ရှုလေ့လာခဲ့ကြကြောင်းလည်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)