ဥတ္တရသီရိမြို့နယ်၌ ကျောင်းအခြေပြုဌာနဆိုင်ရာပေါင်းစုံ အသိပညာပေးပြောပွဲ ကျင်းပ

ဥတ္တရသီရိ ဩဂုတ် ၂၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ် ဇလောင်းကျေးရွာအုပ်စု၊ ငန်းစပ်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းအခြေပြုဌာနဆိုင်ရာပေါင်းစုံ အသိပညာပေးဟောပြောခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်းရှိ စံပယ်ဆောင်တွင် ကျင်းပခဲ့ သည်။

ဟောပြောပွဲတွင် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မိုးလွင်က သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအကြောင်း၊ ခရိုင်အလုပ်ရုံနှင့် အလုပ်သမားဥပ‌ဒေစစ်‌ဆေးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နားမာနိုက အလုပ်သမားရေးရာအကြောင်း၊ မြို့နယ်ဥပဒေရုံးမှ ဒုတိယမြို့နယ်ဥပဒေအရာရှိ ဦးဟန်မျိုးဝင်းက ဥပဒေဆိုင်ရာအကြောင်း၊ မြို့နယ်အမှတ် (၃) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ဒုရဲမှူး နိုင်အောင်သူက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအကြောင်း၊ မြို့နယ်သစ်‌တောဦးစီးဌာနမှ တောအုပ်ကြီး ဦးကျော်နိုင်အောင်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းနှင့် သစ်ပင်သစ်တောများသည် လူသားများအတွက် အရေးကြီးကြောင်း၊ အမှတ် (၁၀၁) မူးယစ်တပ်ဖွဲ့စု (နေပြည်တော်) မှ ရဲအုပ်ဇော်ညီညီလှိုင်က မူးယစ်ဆေးဝါးအန္တရာယ် အကြောင်းတို့ကို အသီးသီးဟောပြောခဲ့ပြီး သက်ဆိုင်ရာဌာနများက အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။

အဆိုပါဟောပြောပွဲသို့ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၂၅၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)