ကျိုင်းတုံ သြဂုတ် ၂၁
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် ယမန်နေ့ နံနက် (၉) နာရီခွဲက ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ သီလဓမ္မကုန်းသာတောရကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော် အဂ္ဂမဟာသဒ္ဒမ္မ ဇောတိကဓဇဘဒ္ဒန္တကောဝိဒအား သွားရောက်ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းပေးကြသည်။
ဆက်လက်၍ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများသည် ကျိုင်းတုံဟော်နန်း ပုံစံတူပြတိုက်အား သွားရောက်၍ ခင်းကျင်းပြသထားသော ဓါတ်ပုံပြခန်းများ၊ ဟော်နန်းပုံစံငယ်များ၊ စော်ဘွားခေတ် အသုံးပြုခဲ့သော ပုံစံတူပြတိုက်အတွင်း အဆင့်မီစွာခင်းကျင်းပြသထားမှုနှင့် အသုံးအဆောင်ပစ္စည်းများတို့ကို လှည့်လည်ကြည့်ရှူပြီး ဟော်နန်းပုံစံတူပြတိုက်အတွက် ထောက်ပံ့ငွေကျပ်သိန်း (၈၇၀) ကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ပေးအပ်ရာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးဇော်လွင်ဦးနှင့် တာဝန်ရှိသူများမှ လက်ခံရယူ၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကျိုင်းတုံဟော်နန်း ပုံစံတူပြတိုက် လျှောက်လမ်းများအား ကြည့်ရှုစစ်ဆေးရာ လျှောက်လမ်းတစ်ပြေးညီဖြစ်စေရေးအတွက် စည်ပင်သာယာရေးတာဝန်ရှိသူများကို မှာကြား၍ နောင်တုံကန်အတွင်း ရေမှော်အမှိုက်များ ဆည်ယူနေမှု၊ သန့်ရှင်းရေးဆောင်ရွက်နေမှုနှင့် ဟော်နန်းအပြင်ဘက် ဟော်နန်းရှေ့တွင် မြန်မာဘာသာ - ဂုံရှမ်းဘာသာဖြင့် ဆိုင်းဘုတ်ထားရှိမည့်နေရာကို ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းများနှင့်စပ်လျဥ်း၍ အချိန်နှင့်တစ်ပြေးညီ ကြီးကြပ်ဆောင်ရွက်ပေးကြရန် တာဝန်ရှိသူများအားမှာကြားခဲ့သည်။
ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ကျိုင်းတုံယဥ်ကျေးမှုပြတိုက်သို့ သွားရောက်ကာ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တိုင်းရင်းသားစာပေယဥ်ကျေးမှုအဖွဲ့များသို့ ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနား တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ တိုင်းရင်းသားစာပေနှင့် ယဥ်ကျေးမှုအမွေအနှစ်များ မပျောက်အောင် ထိန်းသိမ်းပေးကြရန် ပြောကြားလိုကြောင်း၊ သက်ဆိုင်ရာ ဘာသာစကားများကိုလည်း ထိန်းသိမ်းပေးရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားတို့၏ ရိုးရာဓလေ့များ မပပျောက်အောင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပေးရမည် ဖြစ်ကြောင်း၊ ယနေ့အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေမှ တိုင်းရင်းသားစာပေယဥ်ကျေးမှုအဖွဲ့များသို့ လာရောက်ထောက်ပံ့ပေးအပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
၎င်းနောက် တိုင်းရင်းသားစာပေနှင့် ယဥ်ကျေးမှုအဖွဲ့များသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ထောက်ပံ့ငွေကျပ် သိန်း ၇၂,၁၁၇၀၀၀ ပေးအပ်ရာ တိုင်းရင်းသားများကိုယ်စား တာဝန်ရှိသူနှစ်ဦးမှ လက်ခံရယူပြီး ယဥ်ကျေးမှုပြတိုက်ခင်းကျင်းရေးလုပ်ငန်းဆိုင်ရာများအား ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သီတာအောင်က ရှင်းလင်း၍ တိုင်းရင်းသားစာပေနှင့် ယဥ်ကျေးမှုအဖွဲ့များကိုယ်စား အာခါတိုင်းရင်းသားအကြီးအကဲ ဦးမင်းညိုက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် တိုင်းရင်းသားစာပေယဥ်ကျေးမှုအဖွဲ့အား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြကြောင်း သိရှိရသည်။
ယင်းနောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့်အတူ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ရုံး အစည်းအဝေးခန်းမတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဝန်ထမ်းများနှင့် တွေ့ဆုံရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနလုပ်ငန်းများနှင့်ပတ်သက်၍ အခက်အခဲများ ရှိပါက တင်ပြပေးကြရန်၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် အမှားအယွင်းမရှိအောင် ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ပေးကြရန်၊ တာဝန်ထမ်းဆောင်သည့်အခါ အခက်အခဲ၊ လိုအပ်ချက်များရှိပါက အဆင့်ဆင့်တင်ပြပြီး မှန်ကန်စွာ ဖြေရှင်းဆောင်ရွက်ပေးကြရန်၊ ကျရာတာဝန်ကို အကောင်းဆုံးကြိုးစားဆောင်ရွက်ပေးကြရန်၊ အခက်အခဲများရှိပါက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ပြည်နယ်အစိုးရအဖွဲ့ခွဲ (ရှမ်းအရှေ့) အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအတွက် ထောက်ပံ့ငွေ ပေးအပ်ရာ ပြည်နယ်အစိုးရအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးဇော်လွင်ဦးမှ လက်ခံရယူသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ကျိုင်းတုံမြို့ရှိ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း (စိန်ပန်း) ကျောင်းတိုက်သို့ ရောက်ရှိပြီး၊ ကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တအဂ္ဂဝံသနှင့် သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပေးကြသည်။
ထို့နောက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် အဆိုပါကျောင်းတိုက်အတွင်း အလျား (၃၀) ပေ၊ အနံ (၇၀) ပေ RC ၃ထပ်ကျောင်းဆောင် ဆောက်လုပ်နိုင်ရန် မတည်ငွေကျပ် သိန်းတစ်ထောင်ကို ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့က ပေးအပ်လှူဒါန်းရာ စိန်ပန်းကျောင်း ဓမ္မစကူးကော်မတီဥက္ကဋ္ဌ ဦးသိန်းထွန်းက လက်ခံရယူပြီး ဆရာတော် ဘဒ္ဒန္တအဂ္ဂဝံသထံမှ သာဓုအနုမောဓနာတရားနာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)