မော်လမြိုင် သြဂုတ် ၂၁
မော်လမြိုင်မြို့နယ်၌ အမှတ်(၉)လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့(မော်လမြိုင်)မှ မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် “ကလေးသူငယ်ချန်မထား လူကုန်ကူးမှုတိုက်ဖျက်သွား” ဆောင်ပုဒ်နှင့် Hot line ဖုန်းနံပါတ်များပါဝင်သည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေးဆောင်ပုဒ်ပိုစတာ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ ဆိုင်းဘုတ်ဖွင့်ပွဲအခမ်းအနားကို မော်လမြိုင်မြို့၊ အမှတ်(၉)လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့(မော်လမြိုင်)ရုံးရှေ့နှင့် မြိုင်သာယာဟင်္သာအဝိုင်းမိန်းလမ်းတွင် “ကလေးသူငယ် ချန်မထား လူကုန်ကူးမှု တိုက်ဖျက်သွား” စာတန်းပါ လူကုန်ကူးမှုအသိပညာပေး ဆိုင်းဘုတ်ပိုစတာအား မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးဦးတိုးဝင်းနှင့် မွန်ပြည်နယ်ရဲတပ်ဖွဲ့ရဲမှူးကြီးမျိုးဆွေတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။
အမှတ်(၉)လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့(မော်လမြိုင်)အနေဖြင့် လူကုန်ကူးခံရခြင်းနှင့်ပတ်သက်သည့် ဆိုးကျိုးများ၊ လူကုန်ကူးမခံရအောင် သတိပြုရှောင်ရှားရမည့်အချက်များ၊ လူကုန်ကူးခံရခြင်းကြောင့် ဖြစ်ပေါ်လာသော စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများနှင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေများကို မော်လမြိုင်မြို့နယ်ရှိအခြေခံပညာအထက်တန်းကျောင်းများနှင့် အထက်တန်းကျောင်း(ခွဲ)တို့တွင် အသိပညာပေးလုပ်ငန်းများကိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)