ကျိုင်းတုံမြို့၌ ရှမ်းပြည်နယ် လူမှုရေးဝန်ကြီး ကျန်းမာရေး၊ ပညာရေး ဝန်ထမ်းများနှင့် တွေ့ဆုံ

ကျိုင်းတုံ ဩဂုတ် ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများနှင့်တွေ့ဆုံပွဲကို ယမန်နေ့က ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ဦးစွာ ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးမင်းမင်းလွင်က အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ‌ဒေါက်တာစည်သူအောင်၊ ကျိုင်းတုံပြည်သူ့ဆေးရုံအုပ်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများက ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း ပြည်သူ့ဆေးရုံအသီးသီး သန့်ရှင်းသာယာလှပရေး၊ လူနာများအား ကျန်းမာရေးစောင့်ရှောက်ရေး၊ ဆေးဝါးများ ပြတ်လပ်မှုမရှိစေရေး စသည့် ကျန်းမာရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ဆွေးနွေးတင်ပြရာ ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီးက တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးနှင့် လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ရှမ်းပြည်နယ်လူမှုရေးဝန်ကြီးသည် ကျိုင်းတုံမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌  အခြေခံပညာရေးဦးစီးဌာန ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ပညာရေးဆိုင်ရာကိစ္စရပ်များ လမ်းညွှန်မှာကြားပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ပညာရေးမှူးနှင့် ဝန်ထမ်းများက ဒေသအတွင်း အခြေခံပညာကျောင်းများတွင် ကျောင်းကျန်းမာရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ကျိုင်းတုံမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းနိုင်ရေး ဆောင်ရွက်နေမှုနှင့် ဒေသအတွင်း ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ  ဆွေးနွေးတင်ပြရာ ရှမ်းပြည်နယ်လူမှုရေးဝန်ကြီးက တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးနှင့် လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အောင်ဇင်မြင့်(ပြန်/ဆက်)