မောက်မယ်မြို့နယ်၌ နယ်လှည့်အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မောက်မယ် သြဂုတ် ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်ရည်ကိုယ်သွေး၊ ဉာဏ်ရည်ဉာဏ်သွေး တိုးတက်မြှင့်မားလာစေရန်ရည်ရွယ်၍ နယ်လှည့်အသိပညာပေးဟောပြောပွဲ၊ ဓာတ်ပုံနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် ၁၀ နာရီက စဉ့်ဝင်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း(နောင်ခမ်း)၌ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ခဲ့သည်။ 

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းမိုခမ်းက တိုးတက်လာသည့်ခေတ်စနစ်နှင့်အညီ လူငယ်များအနေဖြင့် ဘဝတိုးတက်ရေးလမ်းကြောင်းမမှားစေရန် လိုအပ်သောကြောင့် စာပေလေ့လာမှုအားကောင်းလာစေရေး၊ ဆုံးဖြတ်ချက်ချရာတွင် မှန်ကန်စွာဆောင်ရွက်နိုင်ရန် စာပေမှတဆင့် လေ့လာနိုင်ရေး၊ မိမိတို့ကိုယ်တိုင်ရည်မှန်းချက်များကို အောင်မြင်စွာအကောင်အထည်​ဖော်နိုင်စေရန်အတွက် အားလပ်ချိန်များကို အကျိုးရှိစွာအသုံးချပြီး ယဉ်ကျေးလိမ္မာသိမ်မွေ့၍ ကိုယ်ကျင့်တရားကောင်းမွန်သော လူတော်လူကောင်းများဖြစ်ပေါ်လာစေရေး စသည့် အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား/ကျောင်းသူလေးများ အားလပ်ချိန်ကို အကျိုးရှိစွာအသုံးပြုတတ်ရန်၊ ဗဟုသုတတိုးပွားစေရေးအတွက် ကျောင်းစာအပြင် ပြင်ပစာအုပ်စာစောင်များကိုပါ လေ့လာဖတ်ရှုကြရန် နယ်လှည့်စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းအနေဖြင့် တိုင်းရင်းသားရုပ်ပုံ ပုံပြင်စာအုပ်များအား ဖတ်ရှုစေခဲ့ပြီး စာဖတ်ထူးချွန်သည့် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ခဲ့သည်။

ထိုနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်အသိ ပညာပေးနံရံကပ်စာစောင်နှင့် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး ဓာတ်ပုံ၊ နံရံကပ်စာစောင်အား ဦးစီးအရာရှိ ဒေါ်နန်းမိုခမ်းက လှည့်လည်ရှင်းလင်းပြသပြီး ကျောင်းသား/ကျောင်းသူများက စိတ်ဝင်တစား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)