ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအ‌ရှေ့) ဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

ကျိုင်းတုံ ဩဂုတ် ၂၁

ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌဖလား အသက် (၂၅) နှစ်အောက် မြို့နယ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့က ကျိုင်းတုံခရိုင်အားကစားကွင်း၌ ကျင်းပသည်။

ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် တာချီလိတ်မြို့နယ်အသင်းနှင့် မိုင်းဆတ်မြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ တာချီလိတ်မြို့နယ်အသင်းက ၄ ဂိုး ၁ ဂိုး ဖြင့် အနိုင်ရဗိုလ်စွဲသည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲကျင်းပရာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးဇော်လွင်ဦးနှင့် တာဝန်ရှိသူများက ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစားခဲ့သည့် အားကစားသမားများအား တစ်ဦးချင်းအကောင်းဆုံးဆုများကိုလည်းကောင်း၊ တတိယဆုရရှိခဲ့သည့် မိုင်းယန်းမြို့နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ဆုငွေ (၃) သိန်း ကျပ်ကိုလည်းကောင်း၊ ဒုတိယဆုရရှိခဲ့သည့် မိုင်းဆတ်မြို့နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ဆုငွေ (၅) သိန်းကျပ်ကိုလည်းကောင်း၊ ပထမဆုရရှိခဲ့သည့် တာချီလိတ်မြို့နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ တံခွန်စိုက်ဆုဖလားနှင့် ဆုငွေ (၁၀) သိန်းကျပ်တို့ကိုလည်းကောင်း အသီးသီး ပေးအပ်အပ်ခဲ့ကြောင်းသိရသည်။

ပြိုင်ပွဲတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ရှိ မြို့နယ်များအလိုက် ဘောလုံးအသင်းများ ပါဝင်ယဥ်ပြိုင်ကြပြီး ဩဂုတ် ၁၂ ရက်မှ ၂၀ ရက်အထိ ကျင်းပခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့် (ပြန်/ဆက်)