၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် တက်ရောက်

မန္တလေး ဩဂုတ် ၂၁

၂ဝ၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး မန္တလေးတိုင်းဒေသကြီးအဆင့် နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကို ဩဂုတ်လ ၁၉ ရက်နေ့ နံနက် ၉ နာရီက ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးသန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးဝေဇင်ထွန်းနှင့်အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးလွင်၊ ခရိုင်ဦးစီးမှူးများ၊ မြို့နယ်ဦးစီးမှူးများ၊ တိုင်း/ခရိုင်/မြို့နယ်သန်းခေါင်စာရင်းကော်မတီဝင်များ၊ သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်းသားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းအဖွင့်အမှာစကား ပြောကြားရာတွင် သန်းခေါင်စာရင်းအောင်မြင်စွာကောက်ယူနိုင်ရန် ဗဟိုသန်းခေါင်စာရင်းကော်မရှင်၏ ကြီးကြပ်ကွပ်ကဲလမ်းညွှန်မှု၊ တိုင်းဒေသကြီးသန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီများ၊ သန်းခေါင်စာရင်းကော်မတီအဆင့်ဆင့်တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေပါကြောင်း၊ ပြည်သူလူထုပူးပေါင်းပါဝင်နိုင်ရေး အသိပညာပေးလုပ်ငန်းများကိုလည်း အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနှင့် မူဝါဒများချမှတ်ရန်အတွက် အရေးကြီးသောလူဦးရေနှင့် လူမှုစီးပွားဆိုင်ရာအချက်အလက်များရရှိနိုင်မည့် တစ်ခုတည်းသော စီမံကိန်းလုပ်ငန်းဖြစ်သည့်အတွက် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် သတ်မှတ်ကာ အောင်မြင်အောင်အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်းမေးခွန်းပါ အကြောင်းအရာများကို ပြည့်စုံမှန်ကန်စွာကောက်ယူနိုင်မှသာ အရည်အသွေးကောင်းမွန်ပြီး အောင်မြင်မည်ဖြစ်ရာ စာရင်းစစ်၊ စာရင်းကောက်များ၏ အရည်အချင်းပြည့်ဝမှုနှင့်ကြိုးစားအားထုတ်မှုတို့၏ အခန်းကဏ္ဍသည် အထူးပင်အရေးကြီးပါကြောင်း၊ သင်တန်းကာလမှာ ၁ဝ ရက်တာဖြစ်ပြီး သင်တန်းသားအများစုသည် ၂၀၁၄ သန်းခေါင်စာရင်းကောက်ယူမှု အတွေ့အကြုံများရှိပြီးသားဖြစ်သည့်အတွက် သင်တန်းက ဆွေးနွေးပို့ချချက်များ၊ အတွေ့အကြုံများ၊ စွမ်းဆောင်နိုင်မှုအရည်အသွေး၊ စိတ်စေတနာကောင်းများနှင့်ပေါင်းစပ်ပြီး မြေပြင်အခြေအနေနှင့် ကိုက်ညီအောင် အကောင်းဆုံးဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

၄င်းနောက် သန်းခေါင်စာရင်းဆိုင်ရာ TV Spot အား ပြသပြီးနောက် တိုင်းဒေသကြီးသန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးဝေဇင်ထွန်းက သင်တန်းသားတစ်ဦးအား သင်တန်းအထောက်အကူပြုပစ္စည်းများပေးအပ်၍ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခင်းကျင်းပြသထားသော သန်းခေါင်စာရင်းလူထုအသိပညာပေးလှုံ့ဆော်ရေးပစ္စည်းများနှင့် သင်တန်းအထောက်အကူပြုပစ္စည်းများအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း၊ တိုင်းဒေသကြီးတွင် ၂ဝ၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် စာရင်းစစ်၊ စာရင်းကောက်စုစုပေါင်း (၄၃ဝဝ) ဦးကျော်ခန့်ထားပြီးဖြစ်ကြောင်းနှင့် ခရိုင်အဆင့်၊ မြို့နယ်အဆင့်နည်းပြသင်တန်းများ ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)