တပ်ကုန်း ဩဂုတ် ၂၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ရှားတောကျေးရွာအုပ်စု၊ ရှားတောကျေးရွာနှင့် ခရမ်းစပ်ကုန်းကျေးရွာအုပ်စု၊ ပေတောကျေးရွာတို့တွင် နေပြည်တော်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် မြို့နယ်အသေးစား၊ အငယ်စား၊ အလတ်စား (MSME)အသင်းတို့ပူးပေါင်း၍ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားရေး အထောက်အကူဖြစ်စေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးနိုင်ရန် ရည်ရွယ်ဖွင့်လှစ်သည့် အပ်ချုပ်စက်သင်တန်းနှင့် တန်ဖိုးမြှင့်စားသောက်ကုန်လုပ်ငန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက ရှားတောကျေးရွာ၊ ဘုန်းတော်ကြီးအနောက်ကျောင်းတွင် ကျင်းပခဲ့သည်။
အဆိုပါဖွင့်ပွဲအခမ်းအနားတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက နေပြည်တော်ကောင်စီအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ဒေသထွက်ကုန်များဖွံ့ဖြိုးရေးလုပ်ငန်းများကို အားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒေသအတွင်း ပေါများစွာထွက်ရှိသည့် ကုန်ကြမ်းများကို အသုံးပြု၍ ကုန်ချောအဖြစ် ထုတ်လုပ်ဆောင်ရွက်နိုင်ရေး၊ ဝါကိုအခြေခံ၍ ချည်ထည်လုပ်ငန်းများကိုလည်း အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိသည့်အပြင် ပြည်တွင်းသာမက ပြည်ပဈေးကွက်ထိ ထိုးဖောက်နိုင်ရေး ပံ့ပိုးဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းပြောကြားခဲ့ပြီးနောက် နေပြည်တော် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှာ ညွှန်ကြားရေးမှူး ဒေါ်စိုးမမဌေးက သင်တန်းသားများအား ဝတ်စုံများ ပေးအပ်ခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့် တာဝန်ရှိသူများက ဘုရင့်နောင်ရပ်ကွက်၊ နယ်မြေ(၃)၊ “M.2.K” ပဲလှော်၊ ပဲကြော်နှင့်ကုန်မျိုးစုံရောင်းဝယ်ရေး၊ “ကျော်ပြည့်စုံ” ပဲခွဲစက်နှင့် ဆီစက်လုပ်ငန်း၊ အောင်ဇေယျရပ်ကွက်၊ နယ်မြေ(၉)၊ “ဖြိုးပြည့်စိုး” ဆန်စက်လုပ်ငန်းနှင့် မြဝတီရပ်ကွက်၊ နယ်မြေ (၁၂)၊ NNN ပဲလှော်၊ ပဲကြော်လုပ်ငန်း၊ စာကလေးခွေကြော်လုပ်ငန်း၊ မီးဖိုချောင်သုံး အကြော်မျိုးစုံလုပ်ငန်းများအား ကြည့်ရှုအားပေးကာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
ရှားတောကျေးရွာ၊ အပ်ချုပ်စက်သင်တန်းတွင် သင်တန်းသား ၁၅ ဦး တက်ရောက်၍ သင်တန်း နည်းပြဆရာမများက ဩဂုတ် ၂၀ ရက်မှ စက်တင်ဘာ ၁၈ ရက်နေ့ထိ စာတွေ့၊ လက်တွေ့ သင်ကြားမည်ဖြစ်ပြီး ပေတောကျးရွာ တန်ဖို့မြှင့်စားသောက်ကုန်သင်တန်းတွင် သင်တန်းသား ၁၂ ဦး တက်ရောက်၍ သင်တန်းနည်းပြဆရာမများက ဩဂုတ် ၂၀ ရက်မှ ၂၆ ရက်နေ့ထိ စာတွေ့၊ လက်တွေ့သင်ကြားမည်ဖြစ်ကြောင်း သိရသည်။
ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းသည် ပုဗ္ဗသီရိမြို့နယ် ဖြုတ်ခွဲကျေးရွာအုပ်စု၊ ဖြုတ်ခွဲကျေးရွာတွင် သားတင်ဦးအထွေထွေစီပွားရေးလုပ်ငန်းသမဝါယမအသင်းလီမီတက်နှင့် ကျောက်စိမ်းလယ်ယာနှင့်အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမီတက်တို့ အကျိုးတူပူးပေါင်းဆောင်ရွက်သော အိမ်ရှင်မဆီစက်လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
တင်စိုးလွင်