ရပ်စောက် ဩဂုတ် ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြသည်။
ရှေးဦးစွာ ရပ်စောက်မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယဦးစီးမှူး(ကာယ) ဒေါ်အမာကြူနှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးဝင်းတို့က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်အားကစားမှူး ဦးမြတ်သူက “လူငယ်နှင့် အားကစား”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ငြိမ်းမွန်မွန်က “စာဖတ်ပါ”ခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေး ဟောပြောခဲ့ကြသည်။ ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီးအား စာအုပ်စာစောင်နှင့် အားကစားပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ယင်းနောက် ကျောင်းသား၊ ကျောင်းသူများကို ရပ်စောက်မြို့နယ် လက်ရွေးစင် မြန်မာ့သိုင်းအဖွဲ့မှ သရုပ်ပြသခဲ့ကြောင်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးနံရံကပ်စာစောင်များပြသခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ ဆရာ/ဆရာများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၂၄၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)