စစ်တွေ ဩဂုတ် ၂၁
ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့်အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ(၂၀၂၄)ခုနှစ်၊ ပြည်နယ်အဆင့်အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိခင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြောင်းလဲလာသည့် နိုင်ငံတော်၏အခြေအနေနှင့်အညီ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်ချမှတ်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း နိုင်ငံတော်၏မူဝါဒနှင့်အညီ ရခိုင်ပြည်နယ်၏ စီးပွားရေး၊ ပညာရေး၊ လူမှုရေး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အစဉ်အမြဲကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ပြည်သူလူထု၏ကျန်းမာရေးအတွက်ကိုလည်း ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ကမ္ဘာပေါ်မှာရှိသည့် လူသားအားလုံးသည် မွေးဖွားလာစဉ်ကတည်းက အသက်ဆက်လက်ရှင်သန်ရေး၊ ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုးရေး၊ ဦးနှောက်အသိဉာဏ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နေ့စဉ်လှုပ်ရှားမှုတို့အတွက် အစာအာဟာရကို မှီဝဲစားသုံးကြရကြောင်း၊ အာဟာရပြည့်ဝခြင်းသည် လူတစ်ဦးတစ်ယောက်၊ မိသားစုတစ်ခုကစ၍ နိုင်ငံတော်၏ တိုးတက်ဖွံ့ဖြိုးမှုအတွက် အရေးပါသည့် အခန်းကဏ္ဍတွင်တည်ရှိကြောင်း၊ ပြည်သူများအာဟာရပြည့်ဝရန်အတွက် အစားအစာလက်လှမ်းမီရရှိရန် လိုအပ်သကဲ့သို့ အစာအာဟာရအကြောင်း သိနားလည်ရန်၊ လိုက်နာကျင့်သုံးရန်၊ ရွေးချယ်ချက်ပြုတ်စားသုံးတတ်ရန်လည်းလိုကြောင်း၊ ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များ၊ မွေးစကလေးများနှင့် အသက်ငါးနှစ်အောက်ကလေးများသည် အာဟာရချို့တဲ့မှုကို ထိခိုက်ခံစားလွယ်သည့် အုပ်စုများဖြစ်ကြောင်း၊ အာဟာရအသိပညာပေးလုပ်ငန်းများဖြစ်သည့် အာဟာရချက်ပြုတ်သရုပ်ပြခြင်း၊ ဖြည့်စွက်စာနှင့်ပတ်သက်သည့် နှစ်သိမ့်ဆွေးနွေးအသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ အာဟာရချို့တဲ့သော ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအား စောစီးစွာရှာဖွေကုသပေးခြင်း အစရှိသောလုပ်ငန်းများတွင် နှီးနွယ်ဌာနဆိုင်ရာများနှင့်လူမှုအဖွဲ့အစည်းများ၊ ပြည်သူများက ပူးပေါင်းပါဝင်ဆောင်ရွက်ပြီး ပြည်သူများ၏အာဟာရအဆင့်အတန်းကို မြှင့်တင်ရာတွင် ကူညီဆောင်ရွက်ပေးကြရန်လိုကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း နှစ်စဉ်ဩဂုတ်လရောက်တိုင်း ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ အဖြစ်သတ်မှတ်ပြီး ဗဟိုအဆင့်၊ တိုင်းအဆင့်၊ မြို့နယ်အဆင့်လှုပ်ရှားမှုများ ဆောင်ရွက်ကာ ပြည်သူလူထုအတွင်း အာဟာရနှင့်ပတ်သက်၍ စိတ်ပါဝင်စားမှုများ ပိုမိုတိုးတက်အောင် လုပ်ဆောင်ပေးနေကြောင်း၊ ထို့ကြောင့်နိုင်ငံတော်အနေဖြင့် အာဟာရချို့တဲ့မှုကာကွယ်ရေးနှင့်ကုသရေးအထောက်အကုပြုဆေးဝါးများ ထောက်ပံ့ခြင်းဖြင့်လည်း အာဟာရနှင့်ပတ်သက်သောကျန်းမာရေးစောင့်ရှောက်မှုအခန်းကဏ္ဍအတွက် ကူညီပေးလျက်ရှိကြောင်းနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံတော်တည်ဆောက်ရာတွင် ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်သည့်လူငယ်များ၊ ဗလငါးတန်နှင့်ပြည့်စုံသည့်လူငယ်များ မွေးထုတ်ပေးနိုင်ရန်အတွက် အခြေခံကျပြီးအရေးပါသော အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများကို ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ပြည်သူများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ယင်းနောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာကြည်လွင်က အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ ကျင်းပရခြင်းအကြောင်းကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက စံပြနို့တိုက်မိခင်ဆု၊ အာဟာရသားကောင်းမိခင်စံပြဆု၊ ကျန်းမာပြည့်ဝအာဟာရကလေးစံပြဆု၊ ဘဝရှေ့ဆောင်ရက်(၁၀၀၀)စံပြဆုနှင့် ကျန်းမာဉာဏ်ရွှင်သားကောင်းမိခင်ဆုရရှိကြသော မိခင်များနှင့်ကလေးများအား ဆုများပေးအပ်ချီးမြှင့်ကြကာ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်အသိပညာပေး Video Clip ပြသသည်။
အခမ်းအနားအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အသက်(၅)နှစ်အောက်ကလေးမျာအား အင်အားပြည့်ဗီတာမင်အေ ဆေးလုံးတိုက်ကျွေးကာ အမှတ်တရလက်ဆောင်များ ပေးအပ်ကြပြီး ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရဆေးပြားနှင့် အာဟာရလက်ဆောင်ပစ္စည်းများ ပေးအပ်ကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းသား၊ ကျောင်းသူလေးများက ခန္ဓာကိုယ်ကြီးထွားစေသောအစားအစာများအား ခင်းကျင်းပြသခြင်းနှင့် စနစ်တကျလက်ဆေးနည်းများ သရုပ်ပြသမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးကြပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)