ညောင်ဦးမြို့နယ်အတွင်း အင်ဂျင်စွမ်းအားသုံး (၆)တန်းသွားလက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းသရုပ်ပြပွဲ ကျင်းပ

ညောင်ဦး ဩဂုတ် ၂၀

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်အတွင်း ဒေသခံတောင်သူများအနေဖြင့် လယ်ယာသုံးစက်ကိရိယာများကို တွင်ကျယ်စွာအသုံးပြုလာရေး၊ လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ အသွင်ကူးပြောင်းဆောင်ရွက်နိုင်ရေး၊ လုပ်သားအင်အားရှားပါးမှု ပြဿနာဖြေရှင်းပေးနိုင်ရေး၊ အချိန်တိုအတွင်း စိုက်ဧကများစွာကို ထွန်ယက်စိုက်ပျိုးခြင်းနှင့် စပါးအထွက်နှုန်းကောင်းမွန်စေခြင်းစသည့် ကောင်းကျိုးများစွာရရှိစေရန်ရည်ရွယ်၍ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း အင်ဂျင်စွမ်းအားသုံး(၆)တန်းသွား လက်ဆွဲကောက်စိုက်စက်နှင့် မိုးစပါးမိုးစပါးစိုက်ပျိုးခြင်းသရုပ်ပြပွဲကို ယနေ့နံနက် ၈နာရီအချိန်က ညောင်ဦးမြို့နယ် အထက်ညဉ့်ကျေးရွာ၊ ကွင်းအမှတ်(၁၃၄၃)ရှိ  ဒေသခံတောင်သူ ဦးဟန်သောင်း၏ လယ်မြေ(၂)ဧကအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါသရုပ်ပြပွဲတွင် အင်ဂျင်စွမ်းအားသုံး (၆)တန်းသွားလက်ဆွဲကောက်စိုက်စက်အသုံးပြု၍ စိုက်ပျိုးရာတွင် စိုက်ခင်းအလယ်မျက်နှာပြင်ညီညာရန်လိုအပ်ခြင်း၊ ပျိုးဘန်းအတွင်း ပျိုးထောင်ရန်အတွက် နေရာအနည်းငယ်သာလိုအပ်ခြင်း၊ မျိုးစေ့နှုန်းထားအနည်းငယ်ဖြင့် စပါးအထွက်နှုန်းကောင်းမွန်စေခြင်း၊ ကောက်ကွက်နှင့်ကောက်ပင်အတိမ်အနက် လိုအပ်သလို ချိန်ညှိစိုက်ပျိုးနိုင်ခြင်း၊ ပျိုးသက်နုနုဖြင့် စိုက်ပျိုးခြင်းကြောင့် ပင်ပွားအရေအတွက်များများ ရရှိနိုင်ခြင်း၊ တစ်ဧကကောက်ကွက်ပြည့်မီခြင်း၊ အချိန်တိုအတွင်း ဧကများများစိုက်ပျိုးနိုင်ခြင်း၊ ရာသီဥတုပြောင်းလဲလာသည်တွင် အချိန်အခါမီ စိုက်ပျိုးနိုင်ခြင်းနှင့်အင်ဂျင်စွမ်းအားသုံး (၆)တန်းသွားလက်ဆွဲကောက်စိုက်စက်၏ စက်မှုပိုင်းဆိုင်ရာအချက်အလက်များကို စက်မှုလယ်ယာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဉာဏ်လင်းလက်မှ အသေးစိတ်ရှင်းပြသည်။

အင်ဂျင်စွမ်းအားသုံး(၆)တန်းသွားလက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါးသရုပ်ပြစိုက်ပျိုးခြင်းသရုပ်ပြပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးနိုင်ဝင်း(ခေတ္တခရိုင်)ရဲတပ်ဖွဲ့မှူး၊ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်၊ ခရိုင်စီမံအဖွဲ့ဝင် ဦးဆန်းထွန်းဦး၊ ညောင်ဦးမြို့နယ်စိုက်ပျိုးရေးညှိနှိုင်းအဖွဲ့ဝင်များ၊ ညောင်ဦးခရိုင်စက်မှုလယ်ယာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဝင်းသိန်း၊ မြို့နယ်ဦးစီးမှူး ဦးမြင့်သူနှင့်ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်ကျေးရွာ(၆)ရွာမှ ဒေသခံမိုးစပါးစိုက်ပျိုးတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဒီပါလင်း