ပြည်နယ်ဝန်ကြီးချုပ် ဧရာဝတီမြစ်ရေကြီးရေလျှံမှုကြောင့် မြစ်ကြီးနားမြို့ မြစ်ရေဝင်ရောက် ခြင်းမှ ကြိုတင်ကာကွယ်နိုင်ရေး တာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား သြဂုတ် ၂၀

ကချင်ပြည်နယ်၏မြို့တော် မြစ်ကြီးနားမြို့သည် ယခုနှစ် ဇွန် ၃၀ ရက်နေ့နှင့် ဇူလိုင် ၁ ရက်နေ့တို့တွင် မြစ်ရေသည် စံချိန်တွင်ကြီးမြင့်မှုဖြစ်ပေါ်ခဲ့ရာ မြို့ပေါ်ရပ်ကွက်များအားလုံးနီးပါး ရေဝင်နစ်မြှုပ်ခဲ့မှုဖြစ်ပေါ်ခဲ့သဖြင့် အလားတူဖြစ်ရပ်မျိုးမဖြစ်ပေါ်စေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကွင်းဆင်းစစ်ဆေးလေ့လာရေးအဖွဲ့ဝင်များနှင့် ကြိုတင်ကာကွယ်သွားမည့် လုပ်ငန်းအစီအမံများကို ယနေ့နံနက် ၉ နာရီခွဲက ဧရာဝတီဧည့်ရိပ်သာ အစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မြစ်ကြီးနားမြို့သည် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ၁၉၇၉ ခုနှစ်မှ စတင်၍ နှစ် ၅၀ ကျော်အတွင်း (၃) ကြိမ်ထိ ရေကြီးနစ်မြှုပ်မှုဖြစ်ပေါ်ခဲ့ပါကြောင်း၊ ယနေ့ခေတ်တွင် လူဦးရေများပြားလာခြင်းကြောင့် ချောင်းနှင့် ရေနှုတ်မြောင်းများ တိမ်ကောပျောက်ပျက်လာခြင်း၊ နှုန်းမြေပို့ချမှုတိုးမြင့်လာခြင်းကြောင့် မြစ်ကြမ်းပြင်မြင့်တက်လာခြင်းတို့သည် နောင်တွင် အလားတူဖြစ်ရပ်မျိုးပေါ်ပေါက်ပါက မြို့တစ်ခုလုံးရေကြီးနစ်မြှုပ်ကို ရင်ဆိုင်ရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိတို့အနေဖြင့် မြစ်ရေကြီးမြင့်မှု ဖြစ်စဉ်/ ဖြစ်ရပ်များမှ ကြိုတင်ကာကွယ်နိုင်ရေး၊ ယနေ့ ကွင်းဆင်းစစ်ဆေးလေ့လာရေးအဖွဲ့ဝင်များ၏ တွေ့ရှိအကြုံ ပြုသုံးသပ်ချက်များအပေါ် အလေးအနက်ထား၍ လုပ်ငန်းအစီအမံများ စနစ်တကျဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ရေကြီးရေလျှံမှုဖြစ်စဉ်အပေါ် ကွင်းဆင်းစစ်ဆေးလေ့လာရေး အဖွဲ့ခေါင်းဆောင်၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကိုကိုလှိုင်နှင့်အဖွဲ့ဝင်များက ဧရာဝတီမြစ်ရေကြီးရေလျှံမှုကြောင့် မြစ်ကြီးနားမြို့ မြစ်ရေဝင်ရောက်ခြင်းမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးလေ့လာတွေ့ရှိချက်များအပေါ် ဆောင်ရွက်နိုင်သည့် လုပ်ငန်းစီမံကိန်းများကို အပိုင်းလိုက်၊ ဦးစားပေးကဏ္ဍအလိုက်၊ မဖြစ်မနေဆောင်ရွက်သွားရမည့် လုပ်ငန်းစီမံကိန်းများ၊ ရေလမ်းဖွံ့ဖြိုးရေးနှင့် သုံးသပ်အကြံပြုတင်ပြချက်များကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် တက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြိုတင်ကာကွယ်ရေး လုပ်ငန်းအစီအမံများနှင့် စပ်လျဉ်း၍ ရေကြီးရေလျှံမှု ကြုံတွေ့မှုများအပေါ် တွေ့ရှိချက်များ၊ အကြံပြုတင်ပြချက်များနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းအစီအမံများအပေါ် ဦးစားပေးလုပ်ငန်း အစီအစဉ်များအလိုက် အကောင်အထည်ဖော်ရမည့် လုပ်ငန်းများကို အကြံပြုသုံးသပ်ဆွေးနွေးတင်ပြကြသည်။

ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ဦးစားပေးကဏ္ဍအလိုက် အဓိကနေရာများတွင် ကမ်းထိန်းနံရံများ၊ ရေထိန်းတံခါးများကို မဖြစ်မနေဆောင်ရွက်ရမည့်လုပ်ငန်းများအဖြစ် အပိုင်းအလိုက် အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်ရေး၊ ရေရှည်စီမံကိန်းဖြင့်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဘဏ္ဍာငွေကြိုတင်လျာထား ဆောင်ရွက်ထားနိုင်ရေးနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ကွင်းဆင်းစစ်ဆေးလေ့လာရေးအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဧရာဝတီမြစ်ရေကြီးမြင့်မှုကို မြစ်ကြီးနားမြို့၏ အဓိကရေဝင်ပေါက်များမှတစ်ဆင့် ရေလွှမ်းမိုးဧရိယာများဖြစ်ပေါ်ခြင်းဖြစ်ပြီး မန်ခိန်ရပ်ကွက်မှ ဗလမင်းထင်တံတားအထိ ရေဝင်ပေါက်နေရာများမှ အင်ဂျန်းချောင်းအတွင်းစီးဝင်ပြီး မြို့၏မြောက်ပိုင်းဧရိယာများကို ကာကွယ်ရန်အတွက်လည်းကောင်း၊ ဗလမင်းထင်တံတားအောက်ပိုင်းမှ စည်ပင်သာယာရေးအဖွဲ့ရုံးနေရာထိ တက္ကသိုလ်ရေနှုတ်မြောင်း ရေထိန်းတံခါးတစ်ခု၊ မနောကွင်းဧရိယာ ရေလျှံတားကမ်းထိန်းနံရံ တည်ဆောက်ခြင်းဖြင့် လည်းကောင်း၊ စည်ပင်သာယာရေးအဖွဲ့ရုံး ဇီးလွန်ရပ်ကွက်အထိ တည်ဆောက်ပြီး ကမ်းထိန်းနံရံကို အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းဖြင့် လည်းကောင်း၊ ခတ်ချိုဆိပ်မှ လီဒိုလမ်းမကြီးအထိ အရှည် ၅ မိုင်ခန့်အား ကမ်းထိန်းတာရိုးလမ်းတည်ဆောက်ခြင်း၊ ရေဝင်ပေါက်ချောင်းနှင့် လျှို (၅)နေရာတို့တွင် ရေထိန်းတံခါးတည်ဆောက်ခြင်းဖြင့် လည်းကောင်း ရေအမြင့်ဆုံးတက်ရောက်သည့် စိုးရိမ်ရေမှတ် ၁၂၀၀ စင်တီမီတာအထက် ၁၄၅၀/ ၁၅၀၀ စင်တီမီတာအထိ ရေမြင့်တက်လာမှုကို ကာကွယ်နိုင်ရန် စီမံချက်ရေးဆွဲဆောင်ရွက်သွားမည်ဖြစ်သည်။

ယင်းသို့ ဧရာဝတီမြစ်ရေကြီးမြင့်မှုသည် မြစ်ကြီးနားမြို့တွင် ၁၉၇၉ ခုနှစ်တွင် အမြင့်ဆုံး ရေမှတ် ၁၄၁၃ စင်တီမီတာအထိ လည်းကောင်း၊ ၁၉၉၇ ခုနှစ်တွင် အမြင့်ဆုံးရေမှတ် ၁၄၁၁ စင်တီမီတာအထိလည်းကောင်း၊ ၂၀၀၄ ခုနှစ်တွင် အမြင့်ဆုံးရေမှတ် ၁၄၀၇ အထိလည်းကောင်း မြင့်တက်ခဲ့သည့် မှတ်တမ်းများအရ သိရှိရပြီး ယခုနှစ် ၂၀၂၄ ခုနှစ်၊ ဇွန် ၃၀ ရက်နေ့နှင့် ဇူလိုင် ၁ ရက်နေ့တို့တွင် မြစ်ရေမြင့်တက်မှုသည် အမြင့်ဆုံးရေမှတ် ၁၃၀၆ စင်တီမီတာထိ မြင့်တက်ခဲ့ခြင်းဖြစ်ကာ မြို့ပေါ် ၂၈ ရပ်ကွက်ရှိသည့်အနက် (၃) ရပ်ကွက်မှအပ ကျန်ရပ်ကွက်များအားလုံး ရေကြီးနစ်မြှုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)