ရန်ကင်းမြို့နယ် Community Centre ခန်းမတွင် စာပေချစ်မြတ်နိုးသူများနှင့်စာဖတ်ဝိုင်းပြုလုပ်

ရန်ကင်း သြဂုတ် ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာပေချစ်မြတ်နိုးသူများပါဝင်သည့် Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို လစဥ်ကျင်းပလျက်ရှိရာ ယနေ့နံနက် ၁၁ နာရီက ရန်ကုန်ဘဆွေ၏ သေသော်မှတည့်သြော်ကောင်း၏ စာအုပ်ဖြင့် ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်လှလှထွေးက စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြင့် စာပေဖတ်ရှုသည့်အလေ့အကျင့်များရရှိပြီး အသိပညာဗဟုသုတများ တိုးပွားလာခြင်း၊ အမှားအမှန်ဝေဖန်ပိုင်ခြားနိုင်မှုများ ရရှိလာခြင်း၊ စာပေအကြောင်းအရာများကို တစ်ဦးနှင့် တစ်ဦးဖလှယ်နိုင်ပြီး စာပေအကျိုးကျေးဇူးကိုရရှိခံစားနိုင်စေခြင်း စသည့်ရည်ရွယ်ချက်များဖြင့် စာဖတ်ဝိုင်းကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် Book Club အဖွဲ့ဝင်စာရေးဆရာမြင့်မောင်(Phil.Q)က ရန်ကုန်ဘဆွေရေးသားသည့် သေသော်မှတည့်သြော်ကောင်း၏ စာအုပ်သည်အရေးကြီးသောသမိုင်းအဖြစ်အပျက်တစ်ခုကို အခြခံကာဇာတ်လမ်းရေးဖွဲ့ထားကြောင်း၊ စာအုပ်ထဲတွင်ပါရှိသည့်သမိုင်းဇာတ်ကောင်များနှင့် အခြားဇာတ်ကောင်များ၏စရိုက်လက္ခဏာများ၊ ဇာတ်ကွက်အဖြစ်အပျက်များ၊ အားပြိုင်မှုများ၊ ဝတ္ထုကြီး၏ရည်ရွယ်ချက်၊ ပေးလိုသည့်သတင်းစကားများကို ခံစားရေးဖွဲ့ထားကြောင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် Book Club အဖွဲ့များကလည်း အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်းနှင့် မြို့နယ်ဦးစီးမှူးက ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

လှလှထွေး(ပြန်/ဆက်)