မော်လမြိုင် ဩဂုတ် ၂၀
မွန်ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်အတွက် မွန်ပြည်နယ်အစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် မွန်ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အထူးကုဆရာဝန်ကြီးများနှင့် ကုသရေးဦးစီးဌာနနှင့် MOU လက်မှတ်ရေးထိုးထားသော Japan Heart အဖွဲ့သည် Dai-ichi life Insurance နှင့်ပူးပေါင်း၍ ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးဒေါက်တာခင်မောင်(သွားကျန်းမာ)မှဦးစီး၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ လွိုင်လင်မြို့ပြည်သူ့ဆေးရုံကြီးတို့မှ သွားနှင့်ခံတွင်း အထူးကုဆရာဝန်ကြီးများက မော်လမြိုင်မြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ မေးရိုးနှင့်ခံတွင်းခွဲစိတ်ဆောင်တွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ်များအား အခမဲ့ခွဲစိတ်ကုသပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိခဲ့ကြပြီး နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကလေးငယ်များအား အခမဲ့စမ်းသပ်ခြင်း၊ အခမဲ့ခွဲစိတ်ကုသပေးခြင်း ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း ဆောင်ရွက်ပေးနေမှုအပေါ် ကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က မော်လမြိုင်မြို့အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၌ တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသည့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ်လူနာများနှင့် မိသားစုများကို ရင်းရင်းနှီးနှီး လိုက်လံအားပေးစကားပြောကြားခဲ့ပြီး လိုအပ်သည့်ဆေးဝါးများနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများမှ ဆေးဝါးများနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများအား လည်းကောင်း၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ အာဟာရပြည့်စားသောက်ဖွယ်ရာများအားလည်းကောင်း အသီးသီးထောက်ပံ့အပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အထူးကုဆရာဝန်ကြီးများကို ကျေးဇူးတင်စကားပြောကြားကာ အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။
အဆိုပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများ ခွဲစိတ်ကုသမှုများကို မော်လမြိုင်မြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၌ ဩဂုတ်လ ၂၀ ရက်နေ့မှ ၂၂ ရက်နေ့ထိ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ်လူနာ ၃၀ ဦးကို ခွဲစိတ်ကုသမှုဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)